ပြင်သစ်လီဂူးဝမ်း ထိပ်သီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ဝါရင့် ဗဟိုနောက်ခံလူ ဆာဂျီယို ရာမို့စ်က သူဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် စပိန်ဝါရင့် ဗဟိုခံစစ်မှူး ဆာဂျီယို ရာမို့စ်က ၂၀၂၁ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပါတယ်။

Photo Credit: Standard

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဆာဂျီယို ရာမို့စ်က မာကွင်ဟို့စ်နဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပြီး ရာမို့စ်က ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပါသေးတယ်။

ရာမို့စ်က ပီအက်စ်ဂျီအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသက်အရွယ်ကြောင့် ပီအက်စ်ဂျီ အားကစားဒါရိုက်တာ ကန်ပို့စ်က ရာမို့စ်ကို စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ရာမို့စ်ကလည်း ပီအက်စ်ဂျီမှာ အောင်မြင်မှု သိပ်မရခဲ့တာကြောင့် အသင်းပြောင်း ကစားဖို့ စီစဉ်နေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ရာမို့စ်နဲ့ ပီအက်စ်ဂျီတို့က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နှစ်ဦးသဘောတူ လမ်းခွဲတော့မှာ ဖြစ်ပြီး ရာမို့စ်ကလည်း ပီအက်စ်ဂျီနဲ့ ကလဲမွန့်တို့ ကစားမယ့်ပွဲဟာ သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ရာမို့စ်က – “မနက်ဖြန်မှာတော့ ကျွန်တော်က ဘဝရဲ့ အစိတ်အပိုင်း တခုကို နှုတ်ဆက်ပါတော့မယ်။ ကျွန်တော်က ပီအက်စ်ဂျီကို နှုတ်ဆက်ရတော့မှာပါ” လို့ ထုတ်ဖော် ပြောကြားကာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် အကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့တာပါ။