ရီးယဲလ် မက်ဒရစ် ဂန္တဝင်ကစားသမားဟောင်း ဆာဂျီယို ရာမို့စ်က သူ့ရဲ့ဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မက္ကဆီကို လီဂါ MX ကလပ် မွန်တာရေးအသင်းမှာ ပြန်လည် ဆုံစည်းကစားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း လက်ရှိကလပ် အယ်လ်နာဆာကနေ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေါ်တူဂီ စူပါစတားကြီး ရော်နယ်လ်ဒိုဟာ လက်ရှိကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာကနေ ထွက်ခွာတော့မှာဖြစ်ပြီး သူ့ရဲ့ ရီးယဲလ် အသင်းဖော်ဟောင်း ရာမို့စ်က မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ပြန်လည် လက်တွဲကစားရဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football365

လီဂါ MX ကလပ် မွန်တာရေးအသင်းဟာ ၂၀၂၁ ခုနှစ် ကွန်ကာကက်ဖ် ချန်ပီယံလိဂ်ဆုရှင်အဖြစ် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး လာမယ့် ဇွန်လ(၁၄)ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ပြိုင်ဘက်ဟောင်း လီယွန်နယ်လ် မက်ဆီလိုပဲ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မက်ဆီကတော့ အင်တာ မိုင်ယာမီအသင်းနဲ့အတူ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရတော့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်မရထားတဲ့အတွက် သူပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသက်(၄၀)အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းကလပ်နဲ့ ချုပ်ဆိုထားတဲ့ စံချိန်တင် စာချုပ်သက်တမ်းကလည်း ကုန်ဆုံးဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အချိန်ကျပြီလို့ ဝန်ခံထားသလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ဥရောပနဲ့ တောင်အမေရိက ကလပ်အသင်းတွေနဲ့ပါ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Stadium Rant

အပြောင်းအရွှေ့ ကျွမ်းကျင်သူ နီကိုလို ရှီယာရဲ့ ဖော်ပြချက်အရ “မွန်တာရေးအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်။ သူ့ရဲ့အသင်းဖော်ဟောင်းနဲ့ သူငယ်ချင်းဖြစ်သူ ဆာဂျီယို ရာမို့စ်က ထောက်ခံ ပံ့ပိုးပေးနေပြီး ရော်နယ်လ်ဒိုကို မက္ကဆီကိုကလပ်ဆီ ရောက်လာအောင် ကြိုးပမ်းနေတယ်။” လို့လည်း ဆိုပါတယ်။

ရော်နယ်လ်ဒိုနဲ့ ရာမို့စ်တို့ဟာ ဆန်တီယာဂို ဘာနေဗျူးမှာ (၉)နှစ်ကြာ အတူတွဲ ကစားခဲ့ဖူးပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ စပိန်နောက်ခံလူကြီးနဲ့အတူ လာလီဂါဖလား (၂)လုံးနဲ့ ချန်ပီယံလိဂ်ဖလား (၄)လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြန်လည်ပေါင်းစည်းမှု ဖြစ်လာမလားဆိုတာကိုတော့ ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။