ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ ဝါရင့် စပိန်ဗဟိုနောက်ခံလူ ဆာဂျီယို ရာမို့စ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ရင် မငြင်းဆန်သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာနဲ့ လမ်းခွဲထားတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၃၀ အရွယ် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သလို အသင်းကို ဦးဆောင်နိုင်စွမ်းလည်း မြင့်မားပြီး သူနဲ့ စပါးရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ကလည်း ၁နှစ်သာ သက်တမ်း ကျန်ပါတော့တယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး စပါးဘက်ကလည်း ဟယ်ရီကိန်းကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဆီ မရောင်းချချင်တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့် ပြင်ထားပါတယ်။

Photo Credit: The Times

ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားတိုင်း ပြောင်းရွှေ့သင့်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် ဟယ်ရီကိန်းကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဆာဂျီယို ရာမို့စ်က – “ကျွန်တော့်ဘက်က ကစားသမားတွေကို အကြံကောင်း တခု ပေးရမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှု ရောက်လာရင် ဘယ်တော့မှ မငြင်းလိုက်ပါနဲ့။ ရီးရဲလ်မက်ဒရစ်က ဆုဖလားတွေ ဘယ်လို ယူရမလဲ ဆိုတာ ကောင်းကောင်း သိတဲ့ ထူးခြားတဲ့အသင်းပါ။ ဟယ်ရီကိန်းက ကြံ့ခိုင်မှု အရမ်း ကောင်းတဲ့ ကစားသမား တယောက် ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမားလည်း မရှိပါဘူး။ ပြီးတော့ သူက ခန္ဓာကိုယ် အားပြု ကစားနိုင်သလို နည်းစနစ် အသားပေး ကစားတဲ့ ကစားကွက်မှာလည်း အံဝင်အောင် ကစားနိုင်ပါတယ်။ ကျွန်တော်ကတော့ သူက သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရသေးဘူးလို့ ထင်ပါတယ်။ ဟယ်ရီကိန်းက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်သလို ခြေစွမ်းလည်း ကောင်းတဲ့ ဘောလုံးသမားပါ” လို့ အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။