စပိန်နောက်ခံလူကြီး ဆာဂျီယို ရာမို့စ်ရဲ့ မက္ကဆီကိုကလပ် မွန်တာရေးအသင်းဟာ လာမယ့်အင်္ဂါနေ့ အတ္တလန်တာမြို့မှာ ဂျာမန်ထိပ်သီးကလပ် ဘိုရပ်ရှား ဒေါ့မွန်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

မွန်တာရေးအသင်းဟာ ဂျပန်ကလပ် အူရာဝါ ရက်ဒ်စ်ကို ၄-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အင်တာမီလန်က ရေးဗားပလိတ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ရလဒ်တွေကြောင့် ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်နေရာကို အခိုင်အမာရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကတော့ ဒီအောင်မြင်မှုအပေါ် အခုလိုပဲ ပြောကြားခဲ့ပါတယ်။

Photo Credit : El Mundo

“ဒါဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ပါ။ မျှော်လင့်ချက်တွေ မြင့်မားခဲ့သလို ရာယာဒို့စ် (Rayados – မွန်တာရေးအသင်းရဲ့ အမည်ပြောင်) အသင်း အဆင့်တက်နိုင်မယ်လို့ လူအများစုက သံသယဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စည်းကမ်းကောင်းကောင်းနဲ့ ကစားခဲ့တယ်။ ပြိုင်ဘက်ဧရိယာထဲအထိ ဖိအားပေးကစားနိုင်ခဲ့တယ်။ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် သမိုင်းဝင် အခိုက်အတန့်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေရဲ့ ပင်ပန်းမှုတွေကို ထင်ဟပ်စေပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်၊ အဆင့်တက်ခဲ့ပြီ၊ အခုတော့ အနားယူပြီး ပြင်ဆင်ရမယ့် အချိန်ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မွန်တာရေးအသင်းဟာ လာမယ့်စနေနေ့မှာ အသင်းတည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပသွားမှာဖြစ်ပြီး ဒီကလပ်ကမ္ဘာ့ဖလား အောင်မြင်မှုက သူတို့ရဲ့ အထိမ်းအမှတ်ကို ပိုပြီးချိုမြိန်စေခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ် ကြယ်ပွင့်ဟောင်း ရာမို့စ်က ဒီအောင်မြင်မှုရဲ့ တန်ဖိုးကို အခုလို ထပ်လောင်းပြောကြားခဲ့ပါတယ်။

Photo Credit : TUDN

“ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို ကျွန်တော် ဂုဏ်ယူပါတယ်။ အသင်းကိုရောက်ရှိလာပြီး လအနည်းငယ်အတွင်းမှာပဲ ကမ္ဘာ့ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရင်း ကျွန်တော့်ရဲ့ အကောင်းဆုံးကို ပေးဆပ်ခဲ့ပါတယ်။ အခုတော့ ၁၆ သင်းအဆင့်ဆိုတာ ဗိုလ်လုပွဲလိုပါပဲ။”

ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး ရာမို့စ်က သူ့ရဲ့ ခံစားချက်ကို အခုလို အဆုံးသတ်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ လိုချင်တဲ့ရလဒ်ကို ရခဲ့ပါပြီ၊ အခုမှ တကယ့်စိန်ခေါ်မှုက စတင်မှာပါ။ ဒီညဟာ ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ အရမ်းကိုထူးခြားတဲ့ ညတစ်ညပါပဲ။ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုရော အိမ်ကနေ အားပေးနေကြတဲ့ ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ဒီအသင်းကို ကျွန်တော်တို့ သွေးထဲမှာ သယ်ဆောင်ထားပါတယ်။ ဒီအခိုက်အတန့်က အောင်ပွဲခံဖို့ ထိုက်တန်တဲ့ ခင်ဗျားတို့အားလုံးအတွက်ပါ။” လို့ ဆိုသွားခဲ့ပါတယ်။