ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာကနေ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာတော့မယ့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဥရုဂွေး ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကာဗာနီ ၊ ဆွာရက်ဇ်တို့ထက် ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း သူ့ရဲ့ ဆရာဟောင်း တဦး ဖြစ်သူ လီယိုနာဒို ရာမို့စ်က ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီး အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ လီဗာပူးက သူ့ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၂၅သန်း စုစုပေါင်း ယူရို ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အထောင်တိုက်စစ်မှူး စစ်စစ် တဦး ဖြစ်တဲ့ ဒါဝင် နူနက်ဇ်က လီဗာပူးထံ တနှစ် အသားတင် လုပ်ခလစာ ယူရို ၆သန်း ရမယ့် (တပတ်လုပ်ခလစာ ပေါင် ၁သိန်း) ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့အတူ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပြီး သူဟာ ယနေ့မှာပဲ လီဗာပူးနဲ့ ဆေးစစ်မှုတွေကို စတင် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

လီဗာပူးက ဒါဝင် နူနက်ဇ်ကို ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် နူနက်ဇ်ဟာ ယူရို ၁၀၀သန်းတန် တိုက်စစ်မှူးမျိုး မဟုတ်ကြောင်း ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး ဒါဝင် နူနက်ဇ်ရဲ့ ဆရာဟောင်း တဦး ဖြစ်သူ ရာမို့စ်ကတော့ အဆိုပါ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ သူ့ရဲ့ တပည့်ဟောင်းဟာ ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကာဗာနီနဲ့ ဆွာရက်ဇ်တို့ထက် ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ရာမို့စ်က – “နူနက်ဇ်က ကစားပုံ နှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူပါ။ သူ့မှာ ကာဗာနီရဲ့ အရည်အသွေး တဝက်နဲ့ ဆွာရက်ဇ်ရဲ့ အရည်အသွေး တဝက်တို့ ရှိနေပါတယ်။ နူနက်ဇ်ရဲ့ ကစားပုံက ကာဗာနီနဲ့ ပိုဆင်ပါတယ်။ ဒါပေမယ့် သူက ကာဗာနီထက် ပိုမြန် ၊ ပိုအားကောင်းပါတယ်။ သူ့မှာ အရမ်းကို ကောင်းမွန်တဲ့ ဂိုးသွင်းယူနိုင်စွမ်း ရှိသလို သူ့ရဲ့ ပေါက်ကွဲအားကလည်း ကြောက်စရာပါပဲ။ သူက ဆွာရက်ဇ်လိုမျိုး အားကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့ကို မကြောက်ရွံ့တတ်ပါဘူး။ ပြီးတော့ သူက ကာဗာနီနဲ့ ပိုဆင်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဆွာရက်ဇ်ထက် ပိုပြီး အားကစားသမားဆန်သလို ကြံ့ခိုင်မှုပိုင်းနဲ့ ဥာဏ်ရည်ပိုင်းမှာလည်း ဆွာရက်ဇ်ထက် ပိုသာပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဝင် နူနက်ဇ်က ဘင်ဖီကာနဲ့အတူ ၂ရာသီ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ ၈၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၆ကြိမ် ရခဲ့ကာ သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှု စုစုပေါင်းက ၆၄ကြိမ် အထိ ရှိနေခဲ့ပါတယ်။