စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားမှာ ကစားနေတဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ် ဆိုစီဒက် ၂-၁ ဆီဗီးလား ပွဲစဉ်မှာ ဟာသဆန်စွာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရကြောင်း သိရပါတယ်။

ဆိုစီဒက်နဲ့ ဆီဗီးလားတို့က လာလီဂါ ပွဲစဉ်(၁၄) အဖြစ် ဆိုစီဒက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ရာလီကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆိုစီဒက်က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရမှတ်တွေ စုဆောင်းချင်နေသလို ဆီဗီးလားကလည်း အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် ရမှတ်တွေ လိုအပ်နေတာကြောင့် နှစ်သင်းစလုံးက လူစုံထုတ် ကစားခဲ့ကြပါတယ်။

Photo Credit: Standard

ရာမို့စ် ဦးဆောင်လာတဲ့ ဆီဗီးလားက အဝေးကွင်းမှာ ဆိုစီဒက်ကို ယှဉ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပုံစံကောင်း ရနေတဲ့ ဆိုစီဒက်ရဲ့ တိုက်စစ်ကို ခုခံနိုင်ခဲ့ခြင်း မရှိပဲ ပွဲအစ ၂၂မိနစ် အတွင်းမှာပဲ ပေးဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲချိန် ၆၀မိနစ်မှာတော့ ဆီဗီးလားရဲ့ အဓိက တိုက်စစ်မှူး အန်နဆရီက ဆီဗီးလား အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး ဆီဗီးလားက နောက်ထပ် ချေပဂိုး ၁ဂိုး ပြန်ရဖို့ ကြိုးစားခဲ့သလို ဆိုစီဒက်ကလည်း တန်ပြန်တိုက်စစ်တွေနဲ့ ဆီဗီးလားကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၆မိနစ် ဝန်းကျင်မှာတော့ ဆီဗီးလားရဲ့ ခံစစ်ကို ဦးဆောင်နေတဲ့ ဆာဂျီယို ရာမို့စ်က ဆိုစီဒက် တောင်ပံကစားသမား မန်ဒက်ဇ်ကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကစားပုံ ကြမ်းခဲ့တာကြောင့် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကွင်းလယ်ဒိုင် အော်တစ်ဇ်က ဒုတိယ အဝါကတ်နဲ့ ပြစ်ဒဏ်ဘောသာ ပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရာမို့စ် အပါအဝင် ဆီဗီးလားရဲ့ ကစားသမား အများအပြားက VAR ပြန်ကြည့်ကာ ဒုတိယ အဝါကတ်ကို ပယ်ဖျက်ပေးဖို့ အော်တစ်ဇ်ကို ဝိုင်းဝန်း တောင်းဆိုခဲ့ကြပါတယ်။

Photo Credit: Goal

ရာမို့စ်ရဲ့ တောင်းဆိုမှုကြောင့် အော်တစ်ဇ်က VARဒိုင်ကို အကူအညီ တောင်းပြီး ရာမို့စ်ရဲ့ ဖျက်ထုတ်မှုကို အနှေးပြကွက်နဲ့ ပြန်ကြည့်ခဲ့ရာ ရာမို့စ်က မန်ဒက်ဇ်အပေါ် ပြင်းထန်တဲ့ ဖျက်ထုတ်မှုမျိုး လုပ်ခဲ့တာကြောင့် ရာမို့စ်ကို ဒုတိယမြောက် အဝါကတ် အစား တိုက်ရိုက် အနီကတ် ပြကာ ထုတ်ပယ်ခဲ့ပါတယ်။ နှစ်ဝါ တနီ အစား တိုက်ရိုက် အနီကတ် ထိသွားခဲ့တာကြောင့်ပဲ ရာမို့စ်ဟာ ၁ပွဲပယ်ပြစ်ဒဏ် အစား ၃ပွဲပယ် ပြစ်ဒဏ်ကို ပြောင်းလဲ ကျခံရပါတော့မယ်။

လက်ရှိမှာတော့ ဘောလုံးပရိသတ်တွေက ရာမို့စ်ကို ကိုယ့်ဒုက္ခ ကိုယ်ရှာသူလို့ ခေါင်းစဉ်တပ်ကာ လူမှုကွန်ယက်တွေပေါ်မှာ စနောက်နေကြပါတယ်။