ရီးယဲလ် မက်ဒရစ်ကြယ်ပွင့် ကီလီယန် ဘာပေဟာ ဒီနှစ် ဘာလွန်းဒေါဆုကို ဆွတ်ခူးလိမ့်မယ်လို့ သူ့ရဲ့ အသင်းဖော်ဟောင်း ဆာဂျီယို ရာမို့စ်က ထောက်ခံပြောကြားလိုက်ပါတယ်။ အခြား ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားတွေထက် ဘာပေကို ရာမို့စ်က ပိုပြီး ယုံကြည်နေတာ ဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ်ရဲ့ ဂန္တဝင် နောက်ခံကစားသမားဟောင်းကြီး ရာမို့စ်ဟာ ဘာလွန်းဒေါဆုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ ပါရီစိန့်ဂျာမိန်း အသင်းဖော်ဟောင်း ဘာပေဟာ ၂၀၂၄-၂၅ ရာသီမှာ အသင်းနဲ့အတူ အဓိကဖလားကြီးတွေ မရရှိခဲ့ပေမယ့် ဒီနှစ်ဆုကို ရသင့်တယ်လို့ ထောက်ခံခဲ့ပါတယ်။ ရာမို့စ်နဲ့ ဘာပေတို့ဟာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပီအက်စ်ဂျီအသင်းမှာ နှစ်ရာသီကြာ အသင်းဖော်အဖြစ် ကစားခဲ့ကြပါတယ်။ စပိန်လက်ရွေးစင်ဟောင်း ရာမို့စ်ဟာ လက်ရှိမှာ မက္ကဆီကကလပ် မွန်တာရေးမှာ ကစားနေပြီး ဘာပေကတော့ ပြီးခဲ့တဲ့နွေရာသီက သူရဲ့ အိမ်မက်ကလပ် ရီးယဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဘာပေဟာ ရီးယဲလ်မက်ဒရစ်ကို ရောက်စက အစပိုင်းလအနည်းငယ်မှာ အခက်အခဲအချို့ ရှိခဲ့ပေမယ့် ရာသီရဲ့ ပထမပိုင်းမှာ ဥရောပ စူပါဖလားနဲ့ ကလပ်များဖလား (Intercontinental Cup) တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ရာသီရဲ့ ဒုတိယပိုင်းမှာတော့ ခြေစွမ်းပြလာခဲ့ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာတင် ၅၆ ပွဲ ကစား ၄၃ ဂိုး သွင်းယူကာ စံချိန်တင်ခဲ့ပါတယ်။ လာလီဂါမှာ ၃၁ ဂိုးသွင်းပြီး ဥရောပရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးတွေဟာ ဘာစီလိုနာကို လာလီဂါနဲ့ ကိုပါဒယ်ရေးဖလားတွေ ရယူနိုင်တာကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို ၅-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံ ကာကွယ်မှု ရပ်တန့်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ရာမို့စ်က ဘာလွန်းဒေါဆုဟာ တစ်ဦးချင်းဆုဖြစ်ပြီး ဆုပေးဖို့အတွက် သတ်မှတ်ချက်တွေဟာ ဘယ်တော့မှ အတိအကျမရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် အူစမန် ဒမ်ဘီလီ ၊ လာမင်း ယားမဲလ်နဲ့ ရာဖင်ညာတို့လို ကစားသမားတွေထက် ပြင်သစ်တိုက်စစ်မှူး ဘာပေကပဲ ဆုကို ဆွတ်ခူးသင့်တယ်လို့ ထောက်ခံခဲ့ပါတယ်။

Photo Credit : Goal

တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က “ကျွန်တော် ဘာလွန်းဒေါဆုကို အမြဲတမ်း ဘာပေကိုပဲ ပေးမှာပါ။ သူနဲ့ သူငယ်ချင်းဖြစ်နေလို့တင် မဟုတ်ပါဘူး။ သူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကလည်း အထင်ကြီးစရာကောင်းလို့ပါ။ ဒါက အရေးကြီးတဲ့ ဆုဖလားတစ်ခုပါပဲ။ ဒါပေမယ့် ဘာလွန်းဒေါရဲ့ စံနှုန်းတွေက ဘယ်တော့မှ အတိအကျ မရှိပါဘူး။ သူ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ ရွှေဖိနပ်ဆု ရခဲ့တယ်။ ရီးယဲလ် မက်ဒရစ်က တခြားအသင်းတွေလို ဖလားတွေ မရခဲ့ရင်တောင်ပေါ့။”

“ဒါတွေက တစ်ဦးချင်းဆုတွေပါ။ အသင်းလိုက်ဆုတွေ မဟုတ်ပါဘူး။ ဒါပေမယ့် လိဂ်ဖလားတွေ၊ ဖလားတွေ ရခဲ့တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ အသေးအမွှာလေးတွေကပဲ ကွာခြားချက်ဖြစ်လာမှာပါ၊ နောက်ဆုံးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ပေါ် မူတည်ပါတယ်။ ကျွန်တော်သာ ဆုံးဖြတ်ရမယ်ဆိုရင် ကီလီယန်က နောက် ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်အတွင်း ဘာလွန်းဒေါဆု ၄ ကြိမ် ဒါမှမဟုတ် ၅ ကြိမ်လောက် ဆွတ်ခူးနိုင်မယ်လို့ ထင်ပါတယ်။ ရီးယဲလ် မက်ဒရစ်မှာ ဖလားတွေ အများကြီး မရခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရင်တောင် သူမှာ အရည်အချင်းရှိပြီး ထူးခြားတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ဒီအဆင့် ကစားသမားဆိုတာကို ပြသခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။