မနေ့ညက နူးကမ့်ကွင်းမှာ ကစားသွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်အတွင်း ဘာစီလိုနာအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သူ တောင်ပံကစားသမား ရာဖင်ဟာ ဟာ ဒုတိယပိုင်းမှာ လူစားလဲခံရတဲ့အပေါ် ဒေါသပုန်ထကာ ပြုမှုခဲ့တဲ့အတွက် သူ့အပြုအမှုတွေနဲ့ ပတ်သတ်ပြီး နည်းပြဇာဗီကို ပြန် တောင်းပန်ခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီနှစ် ဘောလုံးရာသီမှ လိဒ်စ်ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ဘရာဇီးလ် တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ဟာ ဟာ မနေ့ညက ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားပေးခွင့် ရရှိခဲ့ပြီး အသင်းက (၁-၂)နဲ့ ရှုံးနိမ့်နေချိန်မှာ အသင်းအတွက် အရေးပါလှတဲ့ ချေပဂိုးတစ်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ နည်းပြ ဇာဗီက ပွဲကစားချိန် (၈၃)မိနစ်မှာ ရာဖင်ဟာကို ဖယ်ရန်တောရက်စ်နဲ့ လူစားလဲခဲ့ရတာကြောင့် နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သွားခဲ့ရတဲ့ ရာဖင်ဟာက ပါးစပ်ကနေ တတွတ်တွတ် ရေရွတ်နေခဲ့သလို ဒီလူစားလဲမှုကို လုံးဝ သဘောမကျတဲ့ ပုံစံတွေပါ ပြသသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီလုပ်ရပ်နဲ့ ပတ်သတ်ပြီး ရာဖင်ဟာက ကျွန်တော် တောင်းပန်းထားပြီးပါပြီ။ လေ့ကျင့်ရေးကွင်းမှာလည်း သူ့ကို ထပ်ပြီး တောင်းပန်ပါဦးမယ်။ လူစားလဲခံရပြီးနောက်ပိုင်း ကျွန်တော်ရဲ့ အပြုအမှုတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် တောင်းပန်ချင်ပါတယ်။ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရပါဘူး။ ကျွန်တော့်မှာ နည်းပြဇာဗီ ဒါမှမဟုတ် ကလပ်အသင်းနဲ့ ဘာပြသာနာမှကို မရှိပါဘူး။ ကျွန်တော်က ကွင်းထဲမှာပဲ ဆက်ရှိနေချင်ခဲ့ရုံပါ လို့ ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : The Real Champs

ဇာဗီကလည်း ရာဖင်ဟာရဲ့ အပြုအမှုအပေါ် ကျွန်တော် ရာဖင်ဟာရဲ့ ဒေါသထွက်မှုကို နားလည်မိပါတယ်။ ကျွန်တော်ဆိုလည်း ဒေါသထွက်မိမှာပဲ။ ကျွန်တော်ကတော့ အသင်းနဲ့ ပတ်သတ်တဲ့ တွေးတောရင်းနဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ခဲ့ရတာ။ ရာဖင်ဟာကလည်း ကျွန်တော့်ကို တောင်းပန်ခဲ့ပေမဲ့ ဒါက မလိုအပ်ပါဘူး။ ကစားသမားတိုင်း အသင်းအတွက် အမြဲတမ်း ကစားပေးချင်တာကို အပြုသဘောဆောင်တဲ့ ကိစ္စလို့သာ မြင်မိပါတယ် လို့ ပြောဆိုသွားခဲ့ပါတယ်။