၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂျူဗင်တပ် ဗဟိုကွင်းလယ်လူ ရာဘီယော့ကတော့ သူဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားဖူးချင်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ရာဘီယော့က ပေါ့ဘာနဲ့ ကန်တီတို့ မပါဝင်နိုင်တဲ့ ပြင်သစ်ရဲ့ ကွင်းလယ်ကို ဦးဆောင်နေရသူ ဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

Photo Credit: Keep Up

 

ရာဘီယော့က ပြင်သစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ကလပ်တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကြိုးစားခဲ့ဖူးပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက်က ရာဘီယော့ကို ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပေမယ့် ရာဘီယော့ မိခင်ရဲ့ တောင်းဆိုမှုတွေကို မလိုက်လျောခဲ့တာကြောင့် အပြော်ငးအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပြီး ယခုအချိန်မှာတော့ ရာဘီယော့က သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆန္ဒရှိကြောင်း ပြောကြားရင်း ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Keep Up

ရာဘီယော့က – “ကျွန်တော်က အင်္ဂလန်မှာ ကစားချင်တဲ့ အကြောင်းကို အမြဲတမ်း ပြောခဲ့ပါတယ်။ အခုလည်း ထပ်ပြီးတော့ ပြောချင်ပါတယ်။ ကျွန်တော်က အင်္ဂလန်မြေမှာ ကစားချင်တုန်းပါပဲ။ ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ်။ အခုချိန်မှာတော့ ဘယ်အသင်းမှာ ကစားရမလဲ ဆိုတာကို မတွေးရသေးပါဘူး။ ကျွန်တော်က ဘယ်အသင်းမှာတော့ သွားကစားမယ် ၊ ဘယ်အသင်းမှာတော့ မကစားဘူးလို့လည်း မတွေးထားပါဘူး။ ကျွန်တော့်ရဲ့ ဆန္ဒက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားဖို့ပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အရည်အသွေးက ကျွန်တော့်ကို ဆွဲဆောင်နေတဲ့ အရာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ဆို ပရီးမီးယားလိဂ်မှာ အံဝင်အောင် ကစားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။