ပြင်သစ်ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီယော့တစ်ယောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့် ပယ်ချပြီး ပြင်သစ်ကလပ် အိုလံပစ် မာဆေးလ်အသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ရာဘီယော့ဟာ ပီအက်စ်ဂျီ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အချိန်ကတည်းက မန်ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ဒီအပြောင်းအရွှေ့ဟာ အမှန်တကယ် ဖြစ်မြောက်လာတော့မလိုတောင် ထင်မှတ်ခဲ့ကြရပါတယ်။
Photo Credit : Les Transferts
ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ စိတ်ဝင်စားပုံရခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘာသတင်းမှ ထပ်မထွက်လာဘဲ ရာဘီယော့ဟာ ပြင်သစ်ဘောလုံးလောကကို အံ့အားသင့်စေကာ မာဆေးလ်အသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။ The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရာဘီယော့က မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခဲ့တဲ့ အခြေအနေတွေကို အခုလို ရှင်းပြခဲ့ပါတယ်။
“လွန်ခဲ့တဲ့နှစ်နှစ်လောက်က တကယ်ဖြစ်သွားနိုင်ခဲ့ပါတယ်။ အဲ့တုန်းက ကျွန်တော် ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်ခါနီးဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်နှစ်ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့နဲ့ ဆွေးနွေးမှုတွေက အရမ်းကောင်းခဲ့တယ်။ စာနဲ့တောင် ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ အဆုံးမှာတော့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘူး။”
Photo Credit : Eurosport
“ပြီးခဲ့တဲ့နှစ်က ကျွန်တော်အလွတ်ဖြစ်သွားတော့ သူတို့ဘက်က ထပ်ပြီး ချိတ်ဆက်လာပြန်တယ်။ ဆွေးနွေးမှုတွေလည်း ကောင်းကောင်းမွန်မွန် ထပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အခြေအနေက နည်းနည်းတော့ ခက်ခဲရှုပ်ထွေးခဲ့တယ်။ သူတို့အသင်းရဲ့ လက်ရှိအခြေအနေက ယူနိုက်တက်ဟာ အောင်မြင်မှုကြီးကြီးမားမားတွေ ရယူနိုင်ပါ့မလားဆိုတာကို ကျွန်တော် သံသယဝင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အခုအချိန်မှာ အခက်အခဲတွေကြားထဲ နည်းနည်းနစ်နေလို့ပါပဲ။”
မာဆေးလ်ကို ရောက်ရှိခဲ့တဲ့အပေါ်မှာတော့ ရာဘီယော့က နောင်တရခြင်းလုံးဝမရှိဘူးလို့ ဆိုပါတယ်။ “ကျွန်တော် မာဆေးလ်ကိုရောက်လာပြီး ကစားသမားဘဝရဲ့ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်ရောက်လာတဲ့ ပထမဆုံးရာသီမှာပဲ အသင်းရဲ့ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဒီအတွက် နောင်တလုံးဝမရှိပါဘူး။” လို့ ဆိုပါတယ်။