ကာတာစော်ဘွားတွေ စုပေါင်းကာ တည်ထောင်ထားတဲ့ စီးပွားရေးအုပ်စု တစုက အရောင်းစာရင်း တင်ခံထားရတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို စုစုပေါင်း ယူရို ၈ဘီလီယံ အထိ အသုံးပြုကာ ဝယ်ယူရန် ပြင်ဆင်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံသူ အသစ်တွေကို ရှာဖွေနေကြောင်း တရားဝင် စာထုတ်ပြန်ကာ အသင်းကို ရောင်းချရန် ရှိကြောင်း ကြေညာခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ ပရိသတ်အင်အား အများဆုံး အသင်းတသင်း ဖြစ်တာကြောင့် ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို အရောင်းစာရင်း တင်လိုက်တာနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ စီးပွားရေးအုပ်စုတွေ အများကြီး ရှိလာပြီး အဆိုပါ အုပ်စုတွေထဲမှာ ကာတာစော်ဘွားအုပ်စုတွေလည်း ပါဝင်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အမည်မဖော်လိုသေးတဲ့ ကာတာစော်ဘွားအုပ်စု တစုက မန်ချက်စတာ ယူနိုက်တက်ကို စုစုပေါင်း ယူရို ၈ဘီလီယံ အထိ အသုံးပြုကာ ဝယ်ယူချင်နေသလို လာမယ့်ရက်ပိုင်း အတွင်းမှာပဲ သူတို့ရဲ့ တရားဝင် ကမ်းလှမ်းမှုကို ဂလေဇာမိသားစုထံ ပေးပို့တော့မယ်လို့ သိရပါတယ်။

Photo Credit: Football 365

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ယူရို ၆ဘီလီယံ ဝန်းကျင် ရရင် ရောင်းချဖို့ ပြင်ဆင်ထားတာကြောင့် ကာတာစော်ဘွားအုပ်စုရဲ့ ကမ်းလှမ်းမှုကို ဝမ်းပန်းတသာ လက်ခံနိုင်ပြီး ကာတာစော်ဘွားအုပ်စုက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးတာနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ဖို့ ၊ ကစားသမားတွေ သက်တောင့်သက်သာ နေနိုင်မယ့် ဧည့်ရိပ်သာ ဆောက်ဖို့ အစီအစဉ်တွေပါ ဆွဲထားသလို ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကိုလည်း များပြားလှတဲ့ ငွေကြေးတွေ ထုတ်ပေးကာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ ကူညီပေးဖို့ပါ ပြင်ဆင်ထားကြောင်း နာမည်ကြီး သတင်းထောက် မိုက် ကီးဂန်းက ဖော်ပြထားပါသေးတယ်။