မန်ချက်စတာ စီးတီးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ခြင်းဟာ ဖလားတစ်လုံးရလိုက်သလို အရေးပါကြောင်း အသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ဂန်ဒိုဂန် ဟာလန်းတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အဆင့်(၃)နေရာနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရ ယူနိုင်ခဲ့ပါတယ်။ ရာသီနောက်ဆုံးနေ့အထိ ဝင်ခွင့်အတွက် ရုန်းကန်ခဲ့ရတာက ဒီရာသီ မန်စီးတီးအသင်းအတွက် ပုံမှန်မဟုတ်ဘဲ ခြေစွမ်း အတန်ငယ်ကျဆင်းခဲ့တယ် ဆိုတာကို ပြသနေပြီး ချန်ပီယံ လီဗာပူးလ်အသင်းနဲ့လည်း (၁၃)မှတ်အထိ ကွာဟခဲ့ပါတယ်။

Photo Credit : Manchester City FC

ဂွါဒီယိုလာကတော့ ဥရောပရဲ့ ထိပ်သီးပြိုင်ပွဲဆီ ပြန်လည် ဝင်ရောက်နိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ ကြိုးပမ်းမှုကို အရမ်းဂုဏ်ယူတယ်လို့ အခိုင်အမာ ဆိုခဲ့ပေမယ့် နောက်ရာသီမှာ ထိပ်ဆုံးနေရာကို စိန်ခေါ်နိုင်ဖို့အတွက် များစွာတိုးတက်ဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂွါဒီယိုလာက သတင်းထောက်တွေကို “လူတွေက ယူရိုပါလိဂ်ဝင်ခွင့်လောက်ပဲရဖို့ ထပ်ပြီး မတိုက်ခိုက်ချင်တော့ဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ဆက်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် သေချာတဲ့ အနေအထားမှာ ရှိနေခဲ့သလို အဲ့ဒီအတိုင်း လုပ်နိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ အာဆင်နယ်နဲ့ အလှမ်းမဝေးတဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ အကွာအဝေးကတော့ အရမ်းကြီးပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် လုပ်ရမှာဖြစ်ပြီး အဲ့ဒီလို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : The Independent

သူက ဆက်လက်ပြီး “ဒီနေ့ကတော့ စိတ်သက်သာရာရသွားပါပြီ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတာက ဖလားတစ်လုံးရသလိုပါပဲ။ ဒါက အမှန်တရားပါ။ အဆင့်(၃)နဲ့ အဆုံးသတ်နိုင်ခဲ့တာ တကယ်ကောင်းပါတယ်။ ဒါဟာ အကောင်းဆုံးတော့ မဟုတ်ပေမယ့် နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဥရောပမှာ ရှိနေမှာပါ။ ဒါကြောင့် ဒီနေ့မှာ လူတွေ ယုံချင်မှယုံမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာနေ့တစ်နေ့ပါပဲ” လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် အနားယူချိန် ရရှိမှာဖြစ်ပါတယ်။ ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ မန်စီးတီးက မော်ရိုကိုကလပ် ဝိုင်ဒက် ကာဆာဘလန်ကာ၊ ယူအေအီးကလပ် အယ်လ်အိန်းနဲ့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပါတယ်။