ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာ စော်ဘွားခေါင်းဆောင် အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကိုသာ ဝယ်ယူပြီးရင် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် ကစားသမား အမ်ဘာပေကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူပေးဖို့ စီစဉ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မက်ဒါမော့က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို အရောင်းစာရင်း တင်ထားပြီး သူတို့က မန်ချက်စတာ ယူနိုက်တက် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားနေကာ အယ် သနီရဲ့ စော်ဘွားအုပ်စုက ပြီးခဲ့တဲ့ တပတ်မှာတင် မန်ချက်စတာ ယူနိုက်တက် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Goal

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၄.၅ ဘီလီယံနဲ့ ၆ဘီလီယံကြား ပမာဏ တရပ်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အယ် သနီ ဦးဆောင်နေတဲ့ စော်ဘွားအုပ်စုကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၄ဘီလီယံ ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဂလေဇာမိသားစုရဲ့ ကိုယ်စားလှယ်တွေနဲ့ အယ် သနီရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာ ယူနိုက်တက် အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးရင် နောက်ထပ် ပေါင် ၃ ဘီလီယံ ဝန်းကျင် ထပ်မံ သုံးစွဲကာ မန်ချက်စတာ ယူနိုက်တက်ကို အဆင့်မြှင့်တင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မက်ဒါမော့ရဲ့ ဖော်ပြချက်အရ ကာတာစော်ဘွားတွေက မန်ချက်စတာ ယူနိုက်တက်ကိုသာ ဝယ်ယူနိုင်ခဲ့ရင် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ် တယောက် အမ်ဘာပေကို ခေါ်ယူနိုင်အောင် လုံလောက်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေက လက်ရှိမှာ လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီမှာ ကစားနေပေမယ့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ၂၀၂၄ခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က အမ်ဘာပေကို ၂၀၂၄ခုနှစ် နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ အတွက် လှုပ်ရှားနိုင်ချေ ရှိနေပါတယ်။