ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အမေရိကန်အသင်းတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ပူလီဆစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ဝေးလ်ကို နောက်ကျ ချေပဂိုး ခွင့်ပြုပေးခဲ့ရတာကြောင့် တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းဟာ အုပ်စု ဒုတိယပွဲ ဖြစ်တဲ့ အင်္ဂလန်နဲ့ပွဲမှာ အနိုင်ရလဒ်ကို ယူဆောင်ပြမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အမေရိကန်က အုပ်စုအဖွင့်ပွဲ အဖြစ် ဂါရတ်ဘေးလ် ဦးဆောင်လာတဲ့ ဝေးလ်နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ရပြီး ပွဲချိန် ၃၆မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး တီမိုသီ ဝီရှ်ရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို စတင် ဦးဆောင်ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: USA Todays

ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် အမေရိကန်က သွင်းဂိုးတွေ ထပ်ရဖို့ထက် ချေပဂိုး ပြန်မပေးရဖို့ကိုသာ အဓိကထား ကစားသွားခဲ့ပြီး တဖက်မှာလည်း ဂါရတ်ဘေးလ် ဦးဆောင်လာတဲ့ ဝေးလ်က ကမ္ဘာ့ဖလား အဖွင့်ပွဲမှာတင် ရှုံးပွဲနဲ့ မကြုံတွေ့ရရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ကစားသွားခဲ့ကာ ပွဲချိန် ၈၁မိနစ်မှာတော့ အမေရိကန် ဗဟိုခံစစ်မှူး ဇင်မာမန်းဟာ ဝေးလ်တိုက်စစ်မှူး ဘေးလ်အပေါ် ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် ပင်နယ်တီ ခွင့်ပြုပေးခဲ့ရပါတယ်။

အဆိုပါ ပင်နယ်တီကိုတော့ ဘေးလ်ကပဲ အကောင်းဆုံး အဆုံးသတ်ကာ ဝေးလ်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၁-၁ ဆိုတဲ့ သရေရလဒ်နဲ့ တဖက်ကို တမှတ်စီ ခွဲယူခဲ့ရတာဟာ နှစ်သင်းစလုံး အတွက် မျှတတယ်လို့ ဆိုနိုင်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် အမေရိကန်အသင်းသားတွေက တပွဲလုံးနီးပါး ပွဲကို ဦးဆောင်ခွင့် ရခဲ့ပြီးမှ နောက်ကျ ပင်နယ်တီသွင်းဂိုးကြောင့် သရေတမှတ်သာ ရရှိခဲ့တဲ့ အပေါ် ကျေနပ်မှု မရှိပဲ အုပ်စုဒုတိယပွဲ အဖြစ် အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ရလဒ်ကောင်း တခု ထပ်ရအောင် ကြိုးစားသွားမယ်လို့ ကြွေးကြော်နေကြသလို အမေရိကန်ရဲ့ အဓိက တိုက်စစ်ကစားသမား ပူလီဆစ်ကလည်း သူတို့အသင်းဟာ အင်္ဂလန်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ဆိုလာပါတယ်။

ပူလီဆစ်က – “ကျွန်တော်တို့က အုပ်စုအဆင့်ထက် ပိုမြင့်တဲ့ နေရာတခုဆီ ရောက်အောင် သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်တဲ့ အရည်အသွေးမျိုး ရှိတယ်လို့ ထင်ပါတယ်။ အင်္ဂလန်က ကျွန်တော်တို့ အတွက် ဒုတိယမြောက် စမ်းသပ်မှုပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့က သူတို့ကို တတ်နိုင်သလောက် ဖိအားပေးသွားမယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို အနိုင်ယူသွားပါမယ်” လို့ ကြုံးဝါးသွားခဲ့တာပဲ ဖြစ်ပါတယ်။