ပီအက်စ်ဂျီအသင်းကတော့ ဘာစီလိုနာ ကစားသမားတွေကို ယခင်ကတည်းက ခေါ်ယူခဲ့ဖူးတဲ့ အသင်းတစ်သင်းဖြစ်ပြီး အခုလည်း လာမယ့် နွေမှာပဲ ဘာစီလိုနာရဲ့ အဓိက ကစားသမား (၂)ဦးကိုပါ ထပ်မံ ပစ်မှတ်ထားလျက် ရှိနေပြန်ပါတယ်။

ပီအက်စ်ဂျီဟာ မက်ဆီ နေမာ နဲ့ ဒမ်ဘီလီတို့လို ထိပ်တန်း ကစားသမားကောင်းတွေကို ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့ပြီး အခု ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရစ်ဟာလည်း ဘာစီလိုနာ နည်းပြဟောင်းဖြစ်လို့ ဘာစီလိုနာက ကစားသမားတွေကို ပိုမို စိတ်ဝင်စားနေပါတယ်။

Photo Credit : El Futbolero US

အင်းနရစ်က ဒီရာသီမှသာ ပီအက်စ်ဂျီအသင်းနဲ့ စတင် လက်တွဲခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ နည်းပြ ဖြစ်လာချိန်မှာ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့သလို သူနဲ့ စပိန်အသင်းမှာ လက်တွဲခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ဂါဗီကိုပါ ကြိုးပမ်းခဲ့ပါသေးတယ်။

အခုလည်း ပီအက်စ်ဂျီဟာ အသင်းရဲ့ စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေကို လက်လွတ်ရတော့မှာ အချိန်မှာ အသင်းရဲ့ အပြောင်းအရွှေ့ စရိတ်အတွက် ပေါင် သန်း(၂၀၀)လောက် အသားတင် ထွက်ပေါ်လာတာမှာဖြစ်လို့ ဂါဗီကို ထပ်မံ ကြိုးပမ်းလာဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : Football365

စပိန် လက်ရွေးစင် လူငယ် ကွင်းလယ်ကစားသမားလေး ဂါဗီကို ပစ်မှတ်ထားနေချိန်မှာပဲ ပီအက်စ်ဂျီက နောက်ထပ် ဘာစီလိုနာ ကစားသမားဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်ကိုပါ ထပ်မံ ချိန်ရွယ်လာပြန်ပါတယ်။ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ကလည်း လာမယ့်နွေမှာပဲ ဘာစီလိုနာကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ကွင်းလယ်လူ ဒီဂျောင်အတွက် ယူရို သန်း(၁၀၀)အထိ သတ်မှတ်ထားပေမယ့် ပီအက်စ်ဂျီကတော့ ဒီဂျောင်ကို အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း(၇၀)ဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ပီအက်စ်ဂျီ ပစ်မှတ်ထဲ ပါဝင်နေတဲ့ ဗီကိုတော့ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖွယ်သာ ရှိပါတယ်။