ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီက သူတို့အသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ကိုင်လီယန် အမ်ဘာပေတို့ နှစ်ဦးကို စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့က ပီအက်စ်ဂျီရဲ့ မရှိမဖြစ် ကစားသမားတွေ ဖြစ်ကြပြီး သူတို့နှစ်ဦးက လာမယ့် ၂၀၂၄ ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Marca

မက်ဆီနဲ့ အမ်ဘာပေတို့က ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် နှစ်ဦးပေါင်း သွင်းဂိုး ၄၉ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၂၅ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်က ကျန်တဲ့ ပီအက်စ်ဂျီ အသင်းသားတွေ အားလုံးပေါင်း စွမ်းဆောင်ရည်ထက် ပိုမို သာလွန်နေပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီရဲ့ ပိုင်ရှင်တွေက လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အယ်ခါလိုင်ဖီကို အမိန့်ပေးထားပြီး အယ်ခါလိုင်ဖီကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းဟာ မက်ဆီနဲ့ အမ်ဘာပေကို စာချုပ်သစ် ချုပ်နိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်သွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sports Buzzer

 

အယ်ခါလိုင်ဖီက – “ကျွန်တော်တို့က အသင်းအတွက် ကစားပေးချင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တချို့ကို ပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့ ပြောရပါမယ်။ အဲ့ဒီ ကစားသမားတွေက တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့တာတောင် အသင်းအတွက်ပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ကြသူတွေပါ။ ကျွန်တော်တို့က အဲ့ဒီ ကစားသမားတွေနဲ့ပဲ ရှေ့ဆက်သွားချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့က အခြေအနေတွေကို သုံးသပ်ပြီး ဘာတွေ ဆက်လုပ်မလဲ ဆိုတာ ဆုံးဖြတ်ပါမယ်။ ပြီးရင် အဲ့ဒီ ကစားသမားတွေ အသင်းနဲ့အတူ ဆက်ရှိမှာ သေချာအောင် လုပ်ဆောင်ပါမယ်။ ကျွန်တော်တို့က အမှားတွေ ထပ်လုပ်တော့မှာ မဟုတ်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။