ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်လိုက်တဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့နှစ်ကမှ ပီအက်စ်ဂျီနဲ့ ၂နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ယနေ့မနက် အစောပိုင်းမှာပဲ စာချုပ်ပါ ၁နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ ဆန္ဒမရှိကြောင်း ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေကို အသိပေးခဲ့ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေဟာ ၂၀၂၅ခုနှစ် အထိ သူတို့အသင်းမှာ ဆက်ကစားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အမ်ဘာပေက ၂၀၂၄ခုနှစ် အထိသာ အသင်းမှာ ဆက်နေမယ်လို့ အကြောင်းကြားလာချိန်မှာ အမ်ဘာပေကို အတော်လေး ဒေါသထွက်နေကြပါတယ်။

ဒါပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းတော့မှာ မဟုတ်ပဲ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့သာ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေရဲ့ ဆုံးဖြတ်ချက် အတွက် ဒေါသထွက်နေကြသလို အမ်ဘာပေနဲ့ ပတ်သတ်ပြီး ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ပီအက်စ်ဂျီဘက်က အမ်ဘာပေကို လာမယ့် ၂၀၂၄ခုနှစ် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ထက် ယခု နွေဈေးကွက်မှာ ရောင်းချဖို့ စတင် ပြင်ဆင်နေကြောင်း သိရပါတယ်။

လက်ရှိမှာ ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ နယူးကာဆယ် စတဲ့ အသင်းတွေက အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီက အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း အထိ လိုချင်နေကာ အမ်ဘာပေကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။