ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကီလီယန် အမ်ဘာပေကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်နှစ်လုပ်ခ ယူရို သန်း(၁၀၀) ပေါင် (၈၆)သန်းအထိ ပေးပြီး စာချုပ်သက်တမ်းသစ် ချုပ်ဆိုသွားဖို့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိနေတော့ပြီး ကစားသမားဘက်က တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းထားခဲ့ပေမယ့် လက်ရှိမှာ ဘာပေကို အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ်က ဘာပေနဲ့ အကြို သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းလို့နေပါတယ်။

Photo Credit : Clutch Points

ဘာပေအနေနဲ့ ရီးယဲလ်ရဲ့ ကနဦး ကြိုးပမ်းမှုတွေကို ပယ်ချပြီး ပီအက်စ်ဂျီနဲ့ ဆက်လက် လက်တွဲခဲ့ပေမယ့်လည်း ရီးယဲလ်ဘက်က အခုတစ်ကြိမ်မှာပါ ဘာပေကို နောက်ဆုံးအကြိမ်အဖြစ် ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို တားဆီးနိုင်ဖို့အတွက် ပီအက်စ်ဂျီဘက်က ပြင်ဆင်လာခဲ့ပါတယ်။

ပီအက်စ်ဂျီက ယခင်ကတည်းက ဘာပေကို အခွင့်ထူးတွေ ပေးထားခဲ့ဖူးသလို အခုလည်း အသင်းမှာ ဆက်လက် ရှိနေရေးအတွက် ကမ္ဘာပေါ်မှာ ဘယ် ဘောလုံးသမားမှ မရရှိဖူးသေးတဲ့ တစ်နှစ်လုပ်ခမျိုးနဲ့ ဘာပေအတွက် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

Photo Credit : Football Transfer

ရီးယဲလ်က ဘာပေကို တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းထားပေမယ့် ပီအက်စ်ဂျီကတော့ အဲ့ဒီ ကမ်းလှမ်းမှုထက် ပိုမိုတဲ့ ယူရို သန်း(၁၀၀)နဲ့ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းမှုက ဘာပေအတွက်သာမကပဲ သူ့မိသားစု တစ်ခုလုံးပါ သဘောကျစေနိုင်ဖွယ် ရှိနေပါတယ်။

ဒီလိုသာ တစ်နှစ်လုပ်ခ ယူရို သန်း(၁၀၀)နဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်မယ်ဆိုရင် ဘာပေဟာ ပီအက်စ်ဂျီမှာ တစ်ပတ်ကို ယူရို (၁.၈)သန်းလောက်အထိ ရရှိနေမှာ ဖြစ်တဲ့အပြင် တခြားသော အခွင့်ထူးတွေကိုပါ ပိုမို ရရှိနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ဘာပေကိုယ်တိုင်ကတော့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ အဖြေတစ်ခုကို ခုထိ မချမှတ်ရသေးပဲ ရှိနေရပါတယ်။