ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် ဒန်ကန် ကတ်စတယ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ကာ သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Sky Sports

ညာခြေအားသန် တိုက်စစ်မှူး ဖြစ်တဲ့ ရက်ဖို့ဒ်ဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ အထောင်တိုက်စစ်တွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှုနဲ့ ပြိုင်ဘက်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်မှုတို့ကြောင့် ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာသစ် ကန်ပို့စ်က ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ကန်ပို့စ်က အမ်ဘာပေနဲ့ ရက်ဖို့ဒ်တို့ကို ပီအက်စ်ဂျီရဲ့ တိုက်စစ်အား ဦးဆောင် ကစားခိုင်းဖို့ ဆန္ဒရှိနေပြီး ရက်ဖို့ဒ်ဟာ ယခုအချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် အဲ့ဒီလိုမျိုး ဖြစ်နေတာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအပြောင်းအလဲ များပြားမှုကြောင့်လို့ တွက်ချက်ထားကြောင်း သိရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ကန်ပို့စ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မားကပ် ရက်ဖို့ဒ်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရက်ဖို့ဒ်ကလည်း သူနဲ့ ရင်းနှီးတဲ့ အမ်ဘာပေ ရှိရာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား မားကပ် ရက်ဖို့ဒ်ကို ရောင်းချဖို့ ဆန္ဒမရှိပဲ အကယ်၍ ရက်ဖို့ဒ်ကို ရောင်းချရရင်လည်း ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် ရမှသာ ရောင်းချချင်နေပြီး ပီအက်စ်ဂျီကတော့ မကြာခင်မှာ ရက်ဖို့ဒ်ကို ပြောင်း​ရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ စတင် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်းနာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရော့ဘ် ဒေါ်ဆန်ကလည်း ဖော်ပြထားပါသေးတယ်။