မကြာခင်မှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ လမ်းခွဲတော့မယ့် ပီအက်စ်ဂျီကတော့ သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းတွေ ဖြစ်တဲ့ ဇနက်ဒင်း ဇီဒန်းနဲ့ မော်ရင်ဟိုတို့ကို ချဉ်းကပ်ခဲ့ပေမယ့် နှစ်ဦးစလုံးက သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် နိုက်စ်နည်းပြ ဂယ်လ်တီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက အာဂျင်တီးနားလူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခန့်အပ်ထားပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခု အတွင်းမှာ ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်တွေက အတော်လေး ကျဆင်းခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ လီယွန်နယ် မက်ဆီနဲ့ နေမာတို့က ပိုချက်တီနိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် ပီအက်စ်ဂျီဘက်က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ ပီအက်စ်ဂျီက အသင်းရဲ့ နည်းပြ ပိုချက်တီနို ၊ အားကစားဒါရိုက်တာ လီယိုနာဒိုတို့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်သလို မကြာခင်မှာပဲ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိတယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။

ဆက်လက်ပြီး ဖာဘရီဇီယို ရိုမာနိုက ပီအက်စ်ဂျီဟာ ပိုချက်တီနိုရဲ့ နေရာအတွက် နိုက်စ်နည်းပြ ဂယ်လ်တီယာကို ရွေးချယ်ထားပြီး ဖြစ်သလို ဂယ်လ်တီယာကို ခေါ်နိုင်ဖို့ အတွက် မကြာမီမှာပဲ နိုက်စ်နဲ့ တရားဝင် ဆွေးနွေးဖို့ ရှိနေကာ ဂယ်လ်တီယာကလည်း ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ဆိုပါတယ်။

Photo Credit: Daily Mail

အသက် ၅၅နှစ် အရွယ် ပြင်သစ်လူမျိုး ဂယ်လ်တီယာဟာ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ အသစ် အိုကွန်ပို့စ်ရဲ့ စိတ်ကြိုက် နည်းပြတဦး ဖြစ်နေသလို ဂယ်လ်တီယာက ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး လိုင်လီနဲ့အတူ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့ကလည်း သူ့ကို အခွင့်အရေး ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ဂယ်လ်တီယာက သူ့ရဲ့ နည်းပြဘဝမှာ စိန့်အက်တီယန် ၊ လိုင်လီနဲ့ နိုက်စ်တို့ကို ကိုင်တွယ်ခဲ့ပြီး နည်းပြဘဝ အောင်မြင်မှု အဖြစ် ပြင်သစ်ရှုံးထွက်ဖလား ၁ကြိမ်နဲ့ ပြင်သစ်လီဂူးဝမ်း ဆုဖလား ၁ကြိမ် ရရှိထားပါတယ်။