ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေကို လက်လွှတ် ဆုံးရှုံးရဖို့ သေချာသွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါဝင်ပေမယ့် အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ဖို့ အတွက် ပီအက်စ်ဂျီကို စွန့်ခွာကာ အခြား ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: The Times

ပီအက်စ်ဂျီကို အမ်ဘာပေကို လက်လွှတ်ရတော့မယ့် အကြောင်းအား သိရှိပြီးနောက် လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်လိုက်ပြီး ပီအက်စ်ဂျီက နာပိုလီကြယ်ပွင့် အိုဆီမန်ကို ရအောင် ခေါ်ယူဖို့ စဉ်းစားထားတဲ့ အပြင် နောက်ထပ် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကိုပါ ခေါ်ယူချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက အမ်ဘာပေရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူချင်နေကြောင်း သိရှိရပါတယ်။

Photo Credit: Goal

မားကပ် ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်သစ် ထပ်မံ ချုပ်ဆိုထားပေမယ့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တခု ရှိပြီး ရက်ဖို့ဒ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပီအက်စ်ဂျီ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု တချို့လည်း ရှိခဲ့ဖူးပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မားကပ် ရက်ဖို့ဒ်ကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ စဉ်းစားထားပေမယ့် အကယ်၍ ပီအက်စ်ဂျီကသာ ရက်ဖို့ဒ်အတွက် ပေါင် ၁၀၀သန်းကျော် ကမ်းလှမ်းမှုမျိုး လုပ်ခဲ့မယ် ဆိုရင် ရက်ဖို့ဒ်ကို ရောင်းထုတ်နိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။