ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ရာမို့စ်တို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် သူတို့အသင်းရဲ့ နည်းပြနေရာကို အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ လိုင်လီနည်းပြဟောင်း ဂယ်လ်တီယာကို အသင်းရဲ့ နည်းပြချုပ် အဖြစ် ၂နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့ပေမယ့် ဂယ်လ်တီယာရဲ့ လက်အောက်မှာ ပီအက်စ်ဂျီရဲ့ ကစားပိုင်းက တိုးတက်မလာသလို ကွင်းတွင်းမှာလည်း ရလဒ်ကောင်းတွေ ရရှိခဲ့ခြင်း မရှိပါဘူး။

Photo Credit: 90 Min

ဂယ်လ်တီယာက ပီအက်စ်ဂျီကို ပြင်သစ် လီဂူးဝမ်းဖလား ရအောင် ကူညီနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ကာ အရည်အသွေးမြင့် နည်းပြတဦး ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နစ်ဂယ်စမန်းကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး နာဂယ်စမန်းကလည်း ပီအက်စ်ဂျီရဲ့ နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Mirror

ပီအက်စ်ဂျီက နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိပြီးတာနဲ့ လက်ရှိနည်းပြ ဂယ်လ်တီယာကို နည်းပြရာထူး ကနေ ထုတ်ပယ်တော့မှာ ဖြစ်ကြောင်းလည်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

ပီအက်စ်ဂျီက နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် တဖက်မှာလည်း ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ထံ ဆက်သွယ်မှု တချို့ ပြုလုပ်ထားပြီး အကယ်၍ ပီအက်စ်ဂျီကသာ နာဂယ်စမန်းကို နည်းပြသစ် အဖြစ် မခန့်နိုင်ခဲ့ရင် အင်းနရစ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေကြောင်း နာမည်ကြီး သတင်းထောက်တွေက သုံးသပ်ထားကြပါတယ်။