ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ လီဂူးဝမ်းပြိုင်ပွဲမှာပါ ရလဒ်တွေ ဆိုးဝါးလာတာကြောင့် လက်ရှိနည်းပြ ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ကာ ရိုးမားနည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း ပေါ်တူဂီ အခြေစိုက် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ ပြင်သစ်နည်းပြ တဦး ဖြစ်သူ ဂယ်လ်တီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဂယ်လ်တီယာရဲ့ လက်အောက်မှာ ပီအက်စ်ဂျီဟာ ပြင်သစ်စူပါဖလားကို အရယူထားနိုင်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီမှာ မာဆေးလ်ကို ရှုံးနိမ့်ကာ ပြင်သစ်ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါသေးတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ ၂နှစ် စာချုပ်နဲ့ ခန့်အပ်ထားတဲ့ ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားလာပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ဂယ်လ်တီယာရဲ့ နေရာအတွက် နည်းပြသစ်ကိုလည်း စတင် ရှာဖွေနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် ဖြစ်သူ အယ်မိုင်ဒါရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ပြီးရင် ချန်ပီယံလိဂ်ဖလားကို ၂ကြိမ်တိုင်တိုင် ရယူခဲ့ဖူးတဲ့ ရိုးမားနည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပြီး မော်ရင်ဟိုကလည်း ရိုးမားကို စွန့်ခွာကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေကြောင်း သိရပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ မော်ရင်ဟိုက စီးရီးအေရဲ့ နန်းကျဘုရင် ဖြစ်နေတဲ့ ရိုးမားကို ၂ရာသီကြာအောင် ကိုင်တွယ်ထားရာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ရိုးမားကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။