ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ နာမည်ကြီး အားကစားဒါရိုက်တာ ကန်ပို့စ်ကို အားကစားဒါရိုက်တာ အသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယခင်လို တန်ကြေးမြင့် ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူမယ့် အစား တန်ကြေးလည်းသင့် ၊ ခြေစွမ်းလည်း ထက်မြက်တဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

Photo Credit: Talksports

လက်ရှိမှာတော့ ပီအက်စ်ဂျီက ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူထားနိုင်သလို နာပိုလီ ကွင်းလယ်ကြယ်ပွင့် ဖေဘီယန် ရုစ်ကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းပြီးနောက် ကန်ပို့စ်က သူတို့ရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ပီအက်စ်ဂျီက မာကွင်ဟို ၊ ရာမို့စ် ၊ ကင်ပမ်ဘီ စတဲ့ ထိပ်တန်း ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရာမို့စ်က အသက်အရွယ်အရ ရာသီပြည့် ကစားနိုင်ဖို့ မသေချာတော့တာကြောင့် ကန်ပို့စ်က သူတို့အသင်းရဲ့ ဗဟိုခံစစ် အတွက် ငယ်ရွယ်သေးသလို ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ် ဗဟိုခံစစ်မှူး ဖိုဖာနာကို ခေါ်ယူဖို့ မျက်စိကျလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Talksports

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဖိုဖာနာက စိန့်အက်တီယန်ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လက်စတာ စီးတီးက ဖိုဖာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော် အထိ တောင်းဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ချယ်လ်ဆီးနဲ့အပြိုင် ဖိုဖာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ပီအက်စ်ဂျီဟာ ဖိုဖာနာရဲ့ အေးဂျင့်ဖြစ်သူထံ စတင် ချဉ်းကပ်နေသလို ဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။