ပီအက်စ်ဂျီအသင်းက လာမယ့်နွေမှာ လီဗာပူးလ်အသင်းရဲ့ ပြင်သစ် ခံစစ်ကစားသမား အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူသွားဖို့အတွက် လာမယ့် အနာဂတ်မှာပါ အသင်းခေါင်းဆောင် ရာထူးထိ ပေးအပ်သွားမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ Anfield Watch ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် မာကင်ဟို့စ်၊ ပါချို၊ ကင်ပမ်ဘေ၊ ရှကရီညာနဲ့ ဘာရယ်လ်ဒိုတို့ ရှိနေပေမယ့် ရှကရီညာက တူရကီကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်သလို ကင်ပမ်ဘေကလည်း ၂၀၂၃ မတ်လကနေ စတင်ပြီး လက်ရှိအချိန်ထိ ပွဲကစားခွင့် မရသေးဘဲ ဖြစ်နေပါတယ်။

Photo Credit : talkSPORT

ဒီလို အခြေအနေတွေကြောင့် ပီအက်စ်ဂျီအနေနဲ့ လာမယ့်နွေမှာပဲ ဗဟိုခံစစ်ပိုင်းအတွက် ခံစစ်ကစားသမားကောင်းတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားချင်နေပြီး လက်ရှိမှာတော့ ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်ကစားသမားဖြစ်တဲ့ ကိုနာတေးကို အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။

အသက်(၂၅)နှစ်အရွယ် နောက်ခံကစားသမား ကိုနာတေးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားခဲ့တဲ့ ပြင်သစ်-မာလီနွယ်ဖွာဖြစ်ပြီး ပြင်သစ်ကလပ် ဆိုးချော့အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇မှာ ဆိုးချော့ကနေ လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ကိုနာတေးက လိုက်ပ်ဇစ်မှာတော့ အသင်းကြီး အများအပြား မျက်စိကျလာအောင် ခြေစွမ်းကောင်းမျိုးတွေ ပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

လိုက်ပ်ဇစ်မှာ တောက်ပလာတဲ့ ကိုနာတေးကို လီဗာပူးလ်အသင်းက ၂၀၂၁ခုနှစ်မှာပဲ အရ ခေါ်ယူခဲ့ပြီး အဲ့ဒီအချိန်ကနေ စတင်ကာ လီဗာပူးလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ရသလို လက်ရှိမှာလည်း အသင်းနဲ့အတူ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပါတယ်။

ကိုနာတေးက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၁၁၃)ပွဲအထိ ကစားထားနိုင်ခဲ့သလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၂၃)ပွဲအထိ ကစားထားနိုင်ပြီး အသင်းခံစစ်ပိုင်းမှာလည်း အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ တွဲဖက်ခြေစွမ်းပြနေတာကြောင့် ကိုနာတေးကို ပီအက်စ်ဂျီ ရီးယဲလ်တို့က စိတ်ဝင်စားလာပြီး ပီအက်စ်ဂျီကတော့ ကိုနာတေးအတွက် အနာဂတ်မှာ အသင်းခေါင်းဆောင် ရာထူးကို ပေးအပ်သွားမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်ထားပါတယ်။