ပီအက်စ်ဂျီအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ဆာလာအတွက် တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀၀၀) (၃)နှစ်စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာကတည်းကနေ အခုရာသီအထိ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် အကောင်းဆုံး ခြေစွမ်းပြသထားနိုင်သလို အသင်းနဲ့လည်း ဆုဖလား အောင်မြင်မှုများစွာကိုပါ သိမ်းပိုက် ရယူထားနိုင်ခဲ့ပါတယ်။

 

Photo Credit : Premier League

ဒီရာသီထဲမှာလည်း ဆာလာက နည်းပြသစ် အာနယ် ဆလော့လက်ထက်မှာ အထူးခြေစွမ်းပြသနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲကစား ဂိုး(၂၀)သွင်း (၁၃)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီအကုန်မှာတော့ ဆာလာက လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်က ဆာလာအပါအဝင် အာနိုး ဗန်ဒိုက်တို့လို အဓိက ကစားသမားတွေနဲ့ပါ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ စီစဉ်နေပေမယ့်လည်း ကစားသမား (၃)ဦးလုံးကို စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ဖို့ကတော့ သိပ်လွယ်ကူဖွယ် မရှိဘဲ အဓိကတော့ လုပ်ခလစာကိစ္စတွေမှာ ညှိနှိုင်းရနိုင်ပါတယ်။

Photo Credit : Kicker

ဆာလာဟာ လက်ရှိ လီဗာပူးလ်မှာ တစ်ပတ် ပေါင်(၃)သိန်းခွဲသာ ရရှိနေတာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမှာလည်း တစ်ပတ်လုပ်အဖြစ် ပေါင် (၄)သိန်းနဲ့သာ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပီအက်စ်ဂျီက ဆာလာအတွက် တစ်ပတ် ပေါင်(၅)သိန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်လာပါတယ်။

ဘာပေလို ထိပ်တန်းကစားသမား တစ်ဦးကို အလွတ်နဲ့ လက်လွတ်ထားရတဲ့ ပီအက်စ်ဂျီက တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် ဆာလာကို လီဗာပူးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူသွားချင်နေတာကြောင့် ဆာလာကို တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းနဲ့ (၃)နှစ်စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းထားပါတယ်။