ပီအက်စ်ဂျီအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း အမှတ်ပေးပွဲစဉ်မှာ နိုက်စ်အသင်းကို အိမ်ကွင်းမှာပဲ (၁)ဂိုး (၃)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရတာကြောင့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ဒီရာသီရဲ့ ပထမဆုံးသော လီဂူးဝမ်း ရှုံးပွဲနဲ့ပါ ကြုံတွေ့လိုက်ရပါတယ်။

သောကြာနေ့ည စနေနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဒီပွဲစဉ်မှာတော့ ပွဲချိန် ၃၄ မိနစ်မှာ နိုက်စ်အသင်းက မော်ဂန် ဆန်ဆွန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်ခဲ့ပါတယ်။ အိမ်ရှင် ပီအက်စ်ဂျီက ဂိုးပေးပြီ (၇)မိနစ်အကြာမှာပဲ ဖာဘီယန် ရုစ်ဇ် သွင်းဂိုးနဲ့ ချေပနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ဆန်ဆွန်က နိုက်စ်အတွက် ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ်(၇၀)မှာတော့ ယူးဆက်ဖ် အန်ဒါယီရှီမီယေးက တတိယဂိုးကို သွင်းယူပြီး ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ နိုက်စ်အသင်းက အနိုင်ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒီပွဲရဲ့ အဓိက ကစားသမားတစ်ဦးကတော့ အရင် ပီအက်စ်ဂျီ ဂိုးသမားဟောင်းဖြစ်ပြီး အခု နိုက်စ်အသင်းအတွက် ကစားပေးနေတဲ့ မာစင် ဘူလ်ကာပဲ ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီရဲ့ ကန်ချက်တွေကို အံ့မခန်း လက်စွမ်းပြ ကာကွယ်ခဲ့ပြီး စုစုပေါင်း (၁၂)ကြိမ်အထိ ဂိုးပေါက် ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ပင်နယ်တီဧရိယာအတွင်းက ကန်ချက်တွေကို ကာကွယ်ခဲ့တာက (၉)ကြိမ်အထိ ရှိခဲ့ပါတယ်။

Photo Credit : Goal

ဒီရှုံးပွဲကြောင့် လီဂူးဝမ်း ရာသီတစ်ခုအတွင်း ရှုံးပွဲမရှိ ကာလအကြာဆုံး စံချိန်ကို ၁၉၉၄-၉၅ ရာသီတုန်းက နန့်စ်အသင်းကပဲ (၃၂)ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သလို ပီအက်စ်ဂျီကလည်း ဒီရာသီမှာ အသင်းအတွက် အရေးအကြီးဆုံးပွဲ မတိုင်ခင်မှာပဲ အခုလို ရှုံးပွဲတွေ့ခဲ့တာက ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက်တော့ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်မှာ ဒီလို အရေးနိမ့်ခဲ့တာ စိတ်ပျက်စရာလို့ ဆိုနိုင်ပေယ့် တစ်ဖက်မှာလည်း ဒီရှုံးပွဲက အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ပြည်တွင်းလိဂ်မှာ ရှုံးပွဲမရှိစံချိန်အတွက် ဖိအားမရှိတော့တဲ့အတွက် နည်းပြ လူးဝစ် အန်းနရီကေး အနေနဲ့ လာမယ့် စထရာဘိုးအသင်းနဲ့ လီဂူးဝမ်း အဝေးကွင်းပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးပြီး မေလ(၇)ရက်နေ့ အာဆင်နယ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်အတွက် အသင်းသားတွေ အားအပြည့်နဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် အာရုံစိုက် ပြင်ဆင်လာနိုင်ဖွယ် ရှိနေပါတယ်။