မန်ချက်စတာ ယူနိုက်တက်ကနေ အက်စတွန် ဗီလာအသင်းဆီမှာ အငှားသွားရောက်ကစားနေတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပြီး အခုထိလည်း ပဲရစ်အခြေစိုက်အသင်းက သူ့ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးပါဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်ရီကေးက ဒီနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် အက်စတွန် ဗီလာနဲ့ ပီအက်စ်ဂျီအသင်းတို့ ကစားကြမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ရပ်ရှ်ဖို့ဒ်အတွက်တော့ ခြေစွမ်းပိုင်း အစမ်းသပ်ခံမယ့် ပွဲစဉ်လည်း ဖြစ်လာနိုင်ပါတယ်။
Photo Credit : Football365
ရပ်ရှ်ဖို့ဒ်ဟာ ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ပီအက်စ်ဂျီနဲ့ အချိန် အတော်ကြာ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး ကီလီယန် အမ်ဘာပေ ရီးယဲလ် မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားပြီးနောက် သူ့နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်းပစ်မှတ်အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက ဘာပေ အသင်းကနေ မထွက်ခွာခင်ကတည်းက ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ (၃)နှစ်နီးပါးလောက်က ပီအက်င်္စဂျီရဲ့ စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ပါတယ်။
L’Equipe ရဲ့ အဆိုအရ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်နဲ့ PSG တို့ဟာ ၂၀၂၂ ခုနှစ်မှာ နေမာရဲ့နေရာကို အစားထိုးဖို့ ရွေးချယ်စရာတွေကို စဉ်းစားနေချိန်မှာ အနည်းဆုံး (၃)ကြိမ်အထိ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ဘရာဇီးလ်ကြယ်ပွင့်ဟောင်း လီယိုနာဒိုဟာ အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်ပေမယ့် ဆွေးနွေးမှုတွေအတွင်းမှာ သူ အသင်းက ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး မကြာခင်မှာပဲ လူးဝစ် ကမ်ပိုစ်နဲ့ အစားထိုးခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အေးဂျင့် ပီနီ ဇာဟာဗီ ပါဝင်လာခဲ့ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကိစ္စ ပျက်သွားခဲ့တယ်လို့ ပြင်သစ်သတင်းဌာနက ရှင်းပြပါတယ်။
Photo Credit : Sporting News
အသက်(၂၇)နှစ်အရွယ် တိုက်စစ်မျူး ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီလ ဆောင်းဈေးကွက်မှာ ဗီလာအသင်းဆီကို အငှားနဲ့ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနေပြီး ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကာလတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် သူ့ကို အရင်က စိတ်ဝင်စားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီလမှာ ဗီလာကို ရောက်ရှိပြီးနောက် ပြိုင်ပွဲစုံ (၁၂)ပွဲကစား သွင်းဂိုး (၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားသလို အခု ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့လုံးမှာလည်း သူ့ကို စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီအသင်း သူ့အပေါ် ပိုမို အာရုံကျလာအောင် ကစားပြနိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေပါတယ်။