ကီလီယန် အမ်ဘာပေကို လက်လွတ် ဆုံးရှုံးသွားရတော့မယ့် ပီအက်စ်ဂျီအသင်းဟာ လစ်လပ်သွားမယ့် ဘာပေရဲ့နေရာအတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ယူရို (၈၈)သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်က စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားပေမယ့်လည်း ဘာပေကတော့ ပယ်ချထားပါတယ်။

Photo Credit : Eurosport

ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ့် ဘာပေဟာ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့က သေချာသလောက်ကို ရှိနေပြီဖြစ်လို့ ပီအက်စ်ဂျီအနေနဲ့လည်း ဘာပေနေရာအတွက် အစားထိုး ဖြည့်တင်းမှုတွေ အသေအချာ လုပ်ဆောင်သွားဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပီအက်စ်ဂျီအသင်းဟာ နာပိုလီ တိုက်စစ်မှူး အိုဆီမန် ၊ အေစီမီလန် တိုက်စစ်ကစားသမား လီယာအို ၊ လီဗာပူးလ် တောင်ပံတိုက်စစ် ကစားသမား ဒီယက်ဇ်နဲ့ မန်ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဒီထဲကမှ ကစားသမားတစ်ဦးကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

ပီအက်စ်ဂျီရဲ့ လက်ရှိ တိုက်စစ်ပိုင်းမှာ မူအာနီ ၊ ရာမို့စ် ၊ ဒမ်ဘီလီ ၊ အဆန်စီယို ၊ ဘာကိုလာတို့ ရှိနေပေမယ့် ဘာပေလို ထိပ်တန်း ကစားသမားမျိုးကို ဆုံးရှုံးရတာက ပီအက်စ်ဂျီ တိုက်စစ်ပိုင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်လို့ ဘာပေနေရာအတွက် အစားထိုးမှုကြီးတစ်ခု မရရအောင် လုပ်ဆောင်ရနိုင်ပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက ယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ယူရို (၈၈)သန်း ပေါင် (၇၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေပြီ ဖြစ်သလို ရပ်ရှ်ဖို့ဒ်အတွက်ကိုလည်း တစ်ပတ်လုပ်ခအဖြစ် ပေါင် (၄)သိန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ပါ သိရှိရပါတယ်။