ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာသာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို မထင်မှတ်ပဲ လက်လွှတ်လိုက်ရရင် အမ်ဘာပေရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် အေစီမီလန်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖေးလ် လီအိုကို ခေါ်ယူရန် စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တချို့က အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက မကြာသေးမီကမှ ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပီအက်စ်ဂျီဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချိန်မှာ ပေးအပ်ခဲ့တဲ့ ကတိတွေ မကျေပွန်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ပီအက်စ်ဂျီက အမ်ဘာပေရဲ့ အခြေအနေကို အသေးစိတ် ကိုင်တွယ် ဖြေရှင်းမှုတွေ ပြုလုပ်နေရသလို တဖက်မှာလည်း ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ကန်ပို့စ်က အကယ်၍သာ အမ်ဘာပေကိုသာ လက်လွှတ်လိုက်ရရင် သူ့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ကစားသမား တဦးအား စတင် ရှာဖွေနေပြီး အေစီမီလန်နဲ့အတူ တောက်ပနေတဲ့ ပေါ်တူဂီကြယ်ပွင့် ရာဖေးလ် လီအိုဟာ ပီအက်စ်ဂျီရဲ့ ထိပ်သီးပစ်မှတ် တဦး ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ချယ်လ်ဆီးရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရာဖေးလ် လီအိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး ရာဖေးလ် လီအိုအတွက် စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၁၅၀သန်း အထိ ပေးချေဖို့ ပြင်ဆင်ထားကာ လီအိုကလည်း ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းထဲက တသင်းကို ရွေးရမယ် ဆိုရင် ပီအက်စ်ဂျီကို ရွေးချယ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် ရာဖေးလ် လီအိုက လိုင်လီကနေ အေစီမီလန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။