ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေကို အသင်းမှာ ဆက်ရှိနေအောင် အစွမ်းကုန် စည်းရုံးနေပေမယ့် အကယ်၍ အမ်ဘာပေကိုသာ လက်လွှတ်လိုက်ရရင် ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ အမ်ဘာပေ ၊ ဒမ်ဘီလီ ၊ မူအာနီ ၊ ရာမို့စ် စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ နှစ်ဦးထဲကသာ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြကာ ဒမ်ဘီလီကလည်း မကြာခဏ ဒဏ်ရာရလေ့ ရှိပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ပီအက်စ်ဂျီက အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အမ်ဘာပေကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ စိတ်ကူးရှိနေပေမယ့် အမ်ဘာပေကတော့ လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ရဲ့ လက်ရှိ စာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါပေမယ့် အမ်ဘာပေဘက်က အဆိုပါ အပို ၁နှစ် သက်တမ်းတိုးခွင့်ကို ငြင်းဆန်ထားတာကြောင့် ပီအက်စ်ဂျီက အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ လက်လွှတ်ရဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sport Bildရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက အမ်ဘာပေကို လက်လွှတ်လိုက်ရရင် ဘိုင်ယန်မြူးနစ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီကို အစားထိုး ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂနာဘရီကလည်း ပီအက်စ်ဂျီဆီ ပြောင်းရွှေ့နိုင်ကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီက ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားချိန် အနည်းငယ်သာ ရထားပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂနာဘရီက ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၅၀သန်း ဝန်းကျင် ရှိပါတယ်။