ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို လက်လွတ်ရတော့မှာ ဖြစ်တာကြောင့် ဘာပေ မရှိတော့မယ့် တိုက်စစ်ပိုင်းအတွက် အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စတင် ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ် ထိပ်တန်းကစားသမား ဘာပေက ဒီရာသီအကုန်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး သူ့ကို အလိုရှိနေတဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ဟာလည်း သေချာသလောက်ကို ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

တကယ်ဆိုရင် ပီအက်စ်ဂျီအသင်းက ဘာပေကို လုံးဝ လက်မလွတ်နိုင်လို့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး အခုလည်း မက်မောလောက်စရာ ကမ်းလှမ်းမှုနဲ့ သက်တမ်းတိုးဖို့ပါ လုပ်ဆောင်ပေမယ့် ဘာပေကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသေးတယ်။

ဒါကြောင့် ပီအက်စ်ဂျီအသင်းက ဘာပေ မရှိတော့မယ့် တိုက်စစ်ပိုင်းအတွက် လက်ရှိမှာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် ၊ မန်ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အပြင် အခုလည်း လီဗာပူးလ် တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာ တောင်ပံကစားသမား ဒီယက်ဇ်ဟာ လီဗာပူးလ်ရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့် လာမယ့်နွေမှာ အသင်းကနေ ရောင်းချခံရနိုင်တယ်လို့ ကောလဟာလ ထွက်ပေါ်လို့နေပြီး ဒီယက်ဇ်အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရလာမယ်ဆိုရင် ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ပီအက်စ်ဂျီက ဒီယက်ဇ်ကို ဘာစီလိုနာနဲ့အပြိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။

ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်းမှာ ဒမ်ဘီလီ ရာမို့စ် မူအာနီ အဆန်စီယို ဘာကိုလာတို့လို ကစားသမားကောင်းတွေကို ရှိနေပေမယ့်လည်း ဘာပေလို အသင်းတိုက်စစ်ပိုင်းအတွက် အရေးအပါဆုံး ကစားသမားတစ်ဦးကို ဆုံးရှုံးရတော့မှာက ပီအက်စ်ဂျီအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တဲ့အတွက် ဘာပေနေရာအတွက် mega signing တစ်ခုကို လုပ်ဆောင်ရဖွယ် ရှိနိုင်ပါတယ်။