ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေကို လက်လွှတ်ရဖို့ သေချာသွားခဲ့ပြီးနောက် နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို ခေါ်ယူရန် ကြိုးစားဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းနဲ့ လမ်းခွဲတော့မယ့် အကြောင်းကို ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေဆီ ယမန်နေ့ညမှာပဲ အသိပေး အကြောင်းကြားခဲ့တာကြောင့် သူဟာ လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ သေချာသွားပါပြီ။

Photo Credit: Standard

အမ်ဘာပေကို လက်လွှတ်ရမယ့် အကြောင်းအား သိရှိပြီးနောက် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ တိုက်စစ်အတွက် အနည်းဆုံး ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးကို ပြန်ခေါ်ဖို့ စီစဉ်နေသလို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် နာပိုလီကနေ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို သတ်မှတ်လိုက်ပါတယ်။

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဗစ်တာ အိုဆီမန်ဟာ အမ်ဘာပေရဲ့ နေရာကို အကောင်းဆုံး အစားဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့် အိုဆီမန်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီး ပီအက်စ်ဂျီဟာ မကြာခင်မှာပဲ ဗစ်တာ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်မယ်လို့ သိရှိရပါတယ်။

Photo Credit: Standard

အသက် ၂၅နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီကို နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ စီးရီးအေ စကူဒက်တို ချန်ပီယံ ပြန်ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး သူက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၁၀၀သန်း ဝန်းကျင် ရှိပါတယ်။

ပီအက်စ်ဂျီက ဗစ်တာ အိုဆီမန်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပေမယ့် အိုဆီမန်ကတော့ သူ ကျင်လည်ဖူးတဲ့ ပြင်သစ် လီဂူးဝမ်းဆီ ပြန်သွားဖို့ စိတ်မဝင်စားသေးပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ ကစားချင်နေတာကြောင့် ပီအက်စ်ဂျီဟာ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ အဓိက ယှဉ်ပြိုင်ရပါလိမ့်မယ်။