ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားသလို နောက်ထပ် ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်တဲ့ နေမာကိုပါ လက်လွှတ်ဖို့ ထပ်မံ ဆုံးဖြတ်လိုက်ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာက ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး နေမာဟာ ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်း ၄ကြိမ် ၊ ပြင်သစ်ဖလား ၃ကြိမ် ၊ ပြင်သစ်လိဂ်ဖလား ၂ကြိမ်နဲ့ ပြင်သစ်စူပါဖလား ၄ကြိမ် စုစုပေါင်း စုဖလား ၁၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Doha News

နေမာက ပီအက်စ်ဂျီထံ စတင် ရောက်ရှိချိန်ကတည်းက အခုချိန်အထိ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့ စည်းကမ်းပိုင်း အားနည်းမှုနဲ့ အပျော်အပါးမက်မှုတို့ကြောင့် ပီအက်စ်ဂျီပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယမန်နေ့မှာပဲ ပီအက်စ်ဂျီပရိသတ်တွေက နေမာရဲ့ အိမ်ရှေ့အထိ သွားကာ နေမာကို အသင်းကနေ အမြန်ဆုံး ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာပဲ နေမာက သူဟာ မက်ဆီနဲ့အတူ ဘာစီလိုနာဆီ ပြန်ချင်နေတယ် ဆိုတဲ့ ပို့စ်တခုကို လူမှုကွန်ယက်ပေါ်မှာ Like လုပ်ခဲ့တာကြောင့် နေမာနဲ့ ပီအက်စ်ဂျီပရိသတ်တွေရဲ့ ကြားထဲမှာ အဖုအထစ်တွေ ပိုများလာခဲ့ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်း​ဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အသင်းအပေါ် လေးစားမှု ကင်းမဲ့တဲ့ နေမာကို အတော်လေး စိတ်ပျက်နေကြပြီး ပီအက်စ်ဂျီဟာ လာမယ့် နွေဈေးကွက် အတွင်းမှာပဲ နေမာကို အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြကာ အကယ်၍ နေမာကို ဝယ်ချင်တဲ့ အသင်းတွေ မရှိရင်လည်း တရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ခွင့် ပေးဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ဟာ နေမာကို ခေါ်ယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။