ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ စပို့တင်း ကွင်းလယ်ကြယ်ပွင့် အူဂါတီကို ကြားဖြတ်ကာ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့က စပို့တင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား အူဂါတီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက အပြိုင်အဆိုင် ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ကနဦးမှာ ချယ်လ်ဆီးက ပီအက်စ်ဂျီကို အသာရကာ အူဂါတီကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။

Photo Credit: Goal

ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ အရ ချယ်လ်ဆီးက အူဂါတီကို ခေါ်ယူဖို့ နှုတ်အားဖြင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် စပို့တင်း လစ္စဘွန်းဘက်က အူဂါတီ အတွက် တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင်ကို ပေးချေဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

အူဂါတီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၆၀သန်းသာ ရှိပေမယ့် ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က အူဂါတီ အတွက် ယူရို ၆၀သန်းကို တလုံးတခဲထဲ မပေးချေချင်တာကြောင့် အရစ်ကျစနစ်နဲ့ ခေါ်ယူဖို့ လုပ်ရာ ကနေ စပို့တင်း လစ္စဘွန်းက အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် အထိ လိုချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Clutch Points

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အူဂါတီကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် စပို့တင်း လစ္စဘွန်းရဲ့ တောင်းဆိုမှုတွေကို သဘောမတူနိုင်တာကြောင့် အူဂါတီကို ခေါ်ယူဖို့ ကြိုးစားနေမှုများအား ရပ်တန့်လိုက်ပြီ ဖြစ်သလို ပီအက်စ်ဂျီဘက်က စပို့တင်း လစ္စဘွန်းရဲ့ တောင်းဆိုချက်တွေကို သဘောတူပေးဖို့ ဆုံးဖြတ်ထားတာကြောင့် ပီအက်စ်ဂျီဟာ အူဂါတီရဲ့ အသင်းသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း အလွန် များပြားနေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အူဂါတီက လက်ရှိ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ၄၇ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။