ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လာနေတဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ်နီးပါးလောက်အထိ ပါဝင်ကစားရင်း အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပြီး ရီးယဲလ်ရဲ့ legend player တစ်ဦးလို့တောင် သတ်မှတ်နိုင်ပါတယ်။

Photo Credit : Sky Sports

၂၀၂၂ခုနှစ်ကမှ ရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကက်စီမဲရိုးဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး အသင်းကို ကာရာဘောင်း လိဂ်ဖလား ချန်ပီယံ ဖြစ်စေခဲ့သလို အဆင့်(၃)နေရာထိပါ ပို့ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ကက်စီမဲရိုးက ခြေစွမ်းပိုင်း အကျဘက်ကို ရောက်ရှိနေရတဲ့အပြင် ဒဏ်ရာပြသာနာတွေပါ ရရှိနေတာကြောင့် အသင်းဘက်က ကက်စီမဲရိုးကို ရောင်းထုတ်သွားဖို့အထိ စဉ်းစားလာခဲ့ပြီး လက်ခံနိုင်လောက်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောင်းချသွားချင်နေပါတယ်။

Photo Credit : The Independent

လတ်တလောမှာတော့ ကက်စီမဲရိုးကို ဆော်ဒီကလပ်အသင်းတွေက အတော်လေး စိတ်ဝင်စားလျက် ရှိနေပြီး အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ နေမာရှိရာ အယ်လ်ဟီလာအသင်းတို့က အပြိုင် စိတ်ဝင်စားလို့နေပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီကပါ ဆော်ဒီအသင်းတွေနဲ့အပြိုင် ကက်စီမဲရိုးကို စိတ်ဝင်စားလျက် ရှိနေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကက်စီမဲရိုးလို အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ ကစားသမားမျိုးကို အလိုရှိနေပါတယ်။