ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိန်းစ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ရာမို့စ်ရဲ့ သာမန် ပြစ်ဒဏ်ကျူးလွန်မှုကို နှစ်ဝါ တနီ အထိ ပြသကာ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အား မကျေမနပ် ဖြစ်နေတာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အထိ တိုင်စာပို့ရန် စီစဉ်နေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက လီဂူးဝမ်း ပွဲစဉ်(၁၀) အဖြစ် ရိန်းစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲအစပိုင်းမှာ ခြေစွမ်းပိုင်းအရ အသာစီး ရခဲ့ပေမယ့် အသင်းရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဆာဂျီယို ရာမို့စ် တယောက် ပွဲကစားချိန် ၄၁မိနစ်မှာ ရိန်းစ်ရဲ့ တိုက်စစ်ကို တားဆီးရာကနေ အဝါကတ်ပြား ပြသခံခဲ့ရသလို အဝါကတ်ပြား ပြသခံခဲ့ရပြီးနောက် ရာမို့စ်ဟာ ကွင်းလယ်ဒိုင်ကို စောဒတက်ခဲ့ရာ ကနေ နောက်ထပ် တဝါထိကာ နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တယောက်လျော့ အနေအထားနဲ့ ပွဲကို ယှဉ်ပြိုင်ခဲ့ရချိန်မှာတော့ သရေတမှတ် ရဖို့ကိုတောင် ရုန်းကန် ကြိုးစားခဲ့ရပါတယ်။

Photo Credit: Sports Max

ရိန်းစ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲစဉ်မှာတော့ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အမြားလည်း ဖန်တီးနိုင်ခဲ့ကာ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာနဲ့ နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်သာ မဟုတ်ရင် ရိန်းစ်ဟာ ပီအက်စ်ဂျီကို အနိုင်ရသွားနိုင်ပါတယ်။

ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ဂယ်လ်တီယာနဲ့ ကစားသမားတွေကတော့ သူတို့အသင်းရဲ့ ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ်အား အဝါကတ်ပြား ပြသပြီးမှ ပြင်းထန်တဲ့ စောဒကတက်မှု လုပ်ခဲ့တယ်လို့ ယူဆကာ နောက်ထပ်တကြိမ် အဝါကတ် ထပ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဂယ်လ်လူစတီရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်း မရှိပါဘူး။

Photo Credit: Sports Max

ဒါကြောင့်ပဲ ပွဲအပြီးမှာ ပီအက်စ်ဂျီရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဒါနီလို ပါရဲယားက ကွင်းလယ်ဒိုင်ဟာ ပွဲရဲ့ အခြေအနေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒါနီလိုက – “ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်ဟာ ရာမို့စ်ရဲ့ အခြေအနေကို ဒီထက် ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ရာမို့စ်ကို နောက်ထပ်တကြိမ် အဝါကတ် ထပ်ပြစရာ အကြောင်းအရင်း မရှိပါဘူး။ သူ့ရဲ့ လုပ်ရပ်က ကျွန်တော်တို့အသင်း အတွက် အနှောင့်အယှက် တခုပါပဲ။ ကျွန်တော်တို့က ဘောလုံးကို ကောင်းကောင်းမွန်မွန် ကစားချင်ခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကြောင့် အရာအားလုံးက ရှုပ်ထွေးခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဒါ့အပြင် ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကလည်း ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်ဟာ ရာမို့စ်နဲ့ ပီအက်စ်ဂျီကို စော်ကားတာပဲလို့ ဝေဖန်သွားခဲ့ပါသေးတယ်။ ဂယ်လ်တီယာက – “ကျွန်တော်ကတော့ ဒီစော်ကားမှုကို (ရာမို့စ်တယောက် ဒုတိယအဝါထိခဲ့မှု) ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါက ကွင်းလယ်ဒိုင်ရဲ့ စတန့်ထွင်မှု တခုပါ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။