ရီးရဲလ် မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား ရာအူးလ် အဆန်စီယိုဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာပုံရိပ် ဖြန့်ဝေမှုနဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ချိုးဖောက်မှု အမှုတွေနဲ့ ရင်ဆိုင်နေရပြီး အခုအခါမှာတော့ အစိုးရရှေ့နေဘက်က သူ့ကို ထောင်ဒဏ် (၂)နှစ်ခွဲ (လပေါင်း ၃၀) ချမှတ်ဖို့ တရားရုံးကို တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ် အဆန်စီယိုဟာ ဒီအမှုကို ရင်ဆိုင်နေရတဲ့ ရီးရဲလ် အကယ်ဒမီထွက် ကစားသမားဟောင်း (၄)ဦးထဲက (၁)ဦးဖြစ်ပါတယ်။ တခြားကစားသမားတွေဖြစ်တဲ့ ဖာရန် ရုဇ်၊ ဟွမ် ရိုဒရီဂွက်ဇ်နဲ့ အန်ဒရက်စ် ဂါစီယာတို့ဟာ အသက်(၁၆)နှစ်နဲ့ (၁၈)နှစ်အရွယ် မိန်းကလေး(၂)ဦးနဲ့ လိင်ဆက်ဆံခဲ့ပြီး အဲဒီဖြစ်စဉ်ကို သူတို့ရဲ့ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုခိုးရိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

Photo Credit : The New York Times

အဆန်စီယို အပါအဝင် ကစားသမား(၄)ဦးစလုံးဟာ အဆိုပါ ဗီဒီယိုကို တခြားသူတွေဆီ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရတာပါ။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အစိုးရရှေ့နေက အဆန်စီယိုကို “ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှု” အတွက်သာ ထောင်ဒဏ် ၂ နှစ်ခွဲ တောင်းဆိုခဲ့တာဖြစ်ပြီး၊ “ကလေးသူငယ်လိင်ပိုင်းဆိုင်ရာပုံရိပ် ဖြန့်ဝေမှု” စွဲချက်ကိုတော့ ထည့်သွင်းတောင်းဆိုခဲ့ခြင်း မရှိပါဘူး။ အစိုးရရှေ့နေရဲ့ အဆိုအရ အဆန်စီယိုဟာ အဆိုပါဗီဒီယိုကို သူ့သူငယ်ချင်းတစ်ယောက်ကို ပြသဖို့ တောင်းယူခဲ့ပြီးနောက် ချက်ချင်းပြန်ဖျက်ပစ်ခဲ့တဲ့အတွက် ဒီလုပ်ရပ်ဟာလည်း အပြစ်ပေးမခံဘဲ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ နစ်နာသူ မိန်းကလေးတွေဘက်ကနေ ဦးဆောင်တရားစွဲဆိုတဲ့ အဖွဲ့ကတော့ အဆန်စီယိုကို “ကလေးသူငယ်လိင်ပိုင်းဆိုင်ရာပုံရိပ် ဖြန့်ဝေမှု” စွဲချက်ပါ ထည့်သွင်းပြီး ထောင်ဒဏ် (၄)နှစ်အထိ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

Photo Credit : The New York Times

အဆန်စီယိုဘက်ကတော့ နစ်နာသူတွေနဲ့ ငွေကြေးပေးချေပြီး ပြေလည်မှုရယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အစိုးရရှေ့နေဘက်ကတော့ ဒီအမှုကို တရားရုံးမှာ ဆက်လက်စစ်ဆေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ကစားသမားဖြစ်သူ အဆန်စီယိုကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူဟာ ဘာအမှားမှ မကျူးလွန်ထားကြောင်း လူသိရှင်ကြား ငြင်းဆိုထားပါတယ်။ ဒါ့အပြင် တရားရုံးက အပြစ်ရှိကြောင်း အပြီးသတ် အမိန့်မချမချင်း သူဟာ အပြစ်ကင်းစင်သူဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကို လေးစားကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒီအမှုဟာ လတ်တလောမှာ ပြီးပြတ်ဦးမှာ မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် ကြာမြင့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။