ကာတာကလပ် အယ်လ်အာဘီအသင်းကနေ ဥရောပ ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ပြောင်းရွှေ့ချင်နေတဲ့ အီတလီ ကွင်းလယ်ကစားသမား မာကို ဗာရက်တီကို ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ် အီတလီ ကွင်းလယ်လူ ဗာရက်တီဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကမှ ပီအက်စ်ဂျီကနေ ကာတာကလပ် အယ်လ်အာဘီအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာလည်း မထင်မှတ်ဘဲ ဖြစ်ပေါ်ခဲ့တာဖြစ်လို့ ဘောလုံးလောကကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

Photo Credit : Goal

ဗာရက်တီဟာ ၂၀၁၂ခုနှစ်မှာပဲ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ ကစားသမားဘဝကို ဆယ်စုနှစ်တစ်ခုလောက်အထိ ဖြတ်သန်းခဲ့တာ ဖြစ်သလို ဒေသတွင်း ဆုဖလား စုစုပေါင်း ဖလား(၃၀)အထိပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဗာရက်တီက အီတလီအသင်းနဲ့လည်း ယူရိုဖလားကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်သူ ဗာရက်တီဟာ ပီအက်စ်ဂျီကနေ ဘာစီလိုနာ ရီးယဲလ် မန်စီးတီး မန်ယူနိုက်တက်တို့လို အသင်းတွေဆီ ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း မထင်မှတ်ဘဲ ကာတာကလပ်အသင်းဆီသာ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃-၂၄ ကာတာ ဘောလုံးရာသီရဲ့ တစ်နှ်စ်တာ အကောင်းဆုံး ကစားသမားစာရင်းမှာပါ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီရာသီမှာတော့ ဗာရက်တီက အယ်လ်အာဘီအသင်းအတွက် ပွဲကစားခွင့်တွေ သိပ်မရရှိနေတာကြောင့် အသင်းအပြောင်းအလဲပါ လုပ်ချင်လာခဲ့ပြီး ဥရောပ ဘောလုံးနယ်ပယ်ဆီကိုပါ ပြန်လည် ပြောင်းရွှေ့သွားဖို့လည်း စိတ်အားထက်သန်လို့နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဗာရက်တီကို ဝက်စ်ဟမ်း ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဗာရက်တီနဲ့ အယ်လ်အာဘီအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ဒီနွေမှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။