လာလီဂါကလပ် ဂီတာဖေးအသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကင်းထောက်တွေကပါ စောင့်ကြည့်မှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ အမှုကိစ္စတွေနဲ့ ရင်ဆိုင် ဖြေရှင်းလို့ ပြီးဆုံးသွားချိန်မှာလည်း ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးဖို့ ခဲယဉ်းနေသေးတာကြောင့် နောက်ဆုံးမှာတော့ ဂီတာဖေးအသင်းဆီသာ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

လက်ရှိမှာတော့ ဂရင်းဝုဒ်က ဂီတာဖေးအသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲ ကစားထားပြီးချိန် သွင်းဂိုး (၄)ဂိုး နဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်ပါ ပြုလုပ်ထားခဲ့သလို အယ်လ်မီရီယာနဲ့ ပွဲစဉ်မှာလည်း အလှပဆုံးသော သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဂီတာဖေးအသင်းက ဂရင်းဝုဒ်ကို အပြီးသတ် ဒါမှမဟုတ် အငှားသက်တမ်း ထပ်မံတိုးဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို AS သတင်းစာရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : The Mirror

ပရီးမီးယားလိဂ်မှာ ကစားသမားဘဝကို စတင် ဖြတ်သန်းခဲ့ဖူးတဲ့ ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကင်းထောက်တွေက ဂီတာဖေးအသင်းရဲ့ ပွဲစဉ်တွေထိ လိုက်လံ ကြည့်ရှုရင်း ဂရင်းဝုဒ် ခြေစွမ်းခြေစတွေကိုပါ လေ့လာ အကဲခတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဂရင်းဝုဒ်အနေနဲ့ကတော့ ယူနိုက်တက်ဆီ ပြန်သွားဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်သွားဖို့ထက် ဂီတာဖေးအသင်း အခြေစိုက်ရာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာသာ ပျော်ရွှင်နေအတွက် ဂီတာဖေးအသင်းမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖွယ် ရှိနေပါတယ်။