ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးလ် ၊ ချယ်လ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့က လေဗာကူဆင်အသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား ဂျိုနသန်တက်ကို အပြိုင် စိတ်ဝင်စားနေကြတယ်လို့ ဂျာမနီ နာမည်ကြီး Blid သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ဗဟိုခံစစ်ကစားသမား ဂျိုနသန်တက်ဟာ လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲတွေထဲ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Eurosport

၂၀၁၅ကတည်းက လေဗာကူဆင်ကို ရောက်ရှိနေခဲ့တဲ့ ဂျိုနသန်တက်ဟာ အခုဆိုရင် လေဗာကူဆင်အတွက် ဆယ်စုနှစ်တစ်ခု ပါဝင်ခဲ့ပြီးတဲ့နောက် ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကြောင့်လည်း ပြီးခဲ့တဲ့ နွေတုန်းက ဂျိုနသန်တက်ကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာ ဖြစ်ပါတယ်။

ဂျိုနသန်တက် ကိုယ်တိုင်ကလည်း ဒီနွေမှာ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့သေးပေမယ့် မျှော်လင့်ထားသလို အပြောင်းအရွှေ့က ဖြစ်ပေါ်မလာတဲ့အတွက် လေဗာကူဆင်မှာသာ ဆက်ရှိနေခဲ့ရပါတယ်။ ဒါပေမယ့် ဂျိုနသန်တက်က သူ့အနေနဲ့ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်တော့မှာ မဟုတ်ပဲ စာချုပ်ကုန်တာနဲ့ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂျိုနသန်တက်ကို ဂျာမနီ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ် ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်း အပါအဝင် မန်ယူနိုက်တက် ၊ လီဗာပူးလ် ၊ ချယ်လ်ဆီးနဲ့ စပါးတို့လို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေပါ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

လာမယ့် ၂၀၂၅ ဇွန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဂျိုနသန်တက်ဟာ ဇန်နဝါရီ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ဘွန်ဒက်စ်လီဂါပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တော့မှာဖြစ်ပြီး လတ်တလော အနေအထားတွေအရ ဂျိုနသန်တက်က ဘာစီလိုနာဆီ ပြောင်းရွှေ့ဖွယ် များနေပါတယ်။