ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေမှု အတွက် သူ့မှာ တာဝန်ရှိတာ မှန်ပေမယ့် သူ့ကို အာဆင်နယ်က အာတီတာကို အချိန်ပေးခဲ့သလို ၊ လီဗာပူးက ကလော့ပ်ကို အချိန်ပေးခဲ့သလိုမျိုး စိတ်ရှည် သည်းခံပေးဖို့ အသင်းရဲ့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေက စပါး ၂-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလမှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Flip Board

ဂရေဟမ် ပေါ်တာက ဘရိုက်တန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်က ဘရိုက်တန်ကို ထိပ်သီးအသင်းတွေနဲ့ ယှဉ်ကစားနိုင်စွမ်း ရှိလာအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့အပြီးမှာ အသင်းနဲ့ လိုက်ဖက်ညီတဲ့ ကစားပုံကို ပုံဖော်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၇ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့ပြီး ၄ပွဲသရေကျကာ ၁၀ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Flip Board

ဒါကြောင့်ပဲ ချယ်လ်ဆီးပရိသတ်တွေက စပါး ၂-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် တောင်းဆိုလာကြပြီး ဂရေဟမ် ပေါ်တာကတော့ အာဆင်နယ်နဲ့ လီဗာပူးတို့က အာတီတာနဲ့ ကလော့ပ်တို့ကို ယုံကြည်မှု အပြည့် ပေးခဲ့ကြသလို ချယ်လ်ဆီးကလည်း သူ့ကို ယုံကြည်ကာ အချိန်ပေးသင့်ကြောင်း ဆိုလာပါတယ်။

ပေါ်တာက – “လွန်ခဲ့တဲ့ ၂နှစ်တုန်းက အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်က အတော်လေးကို ရလဒ်တွေ ဆိုးဝါးခဲ့ပါတယ်။ လူတွေက အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြသလို အာတီတာကလည်း ရာထူးကနေ နုတ်ထွက်ရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အာတီတာနဲ့ အာဆင်နယ်က အခြေအနေတွေ အားလုံးကို ပြောင်းပြန် လှန်ပြနေပါပြီ။ ကလော့ပ် တယောက် လီဗာပူးဆီ စရောက်တဲ့ အချိန်တုန်းကလည်း အဲ့လိုပါပဲ။ လီဗာပူးက လိုချင်တဲ့ ရလဒ်တွေ မရတဲ့ အခါ လူတွေက သူ့ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါက ဘောလုံးလောကရဲ့ ဓမ္မတာပါပဲ။ ဘောလုံးလောကမှာ အချိန်ပေးမှုနဲ့ စိတ်ရှည် သည်းခံပေးမှုတို့လည်း လိုအပ်ပါတယ်။ ဒါမှသာ လိုချင်တဲ့ ရလဒ်မျိုးတွေ ရယူနိုင်မှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။