ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်ကို ကျော်ဖြတ် အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ ကြိုးစားတော့မယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလမှ စတင်ကာ ချယ်လ်ဆီးရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်မှု အားနည်းနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် အနိုင်ရရှိထားပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး ၊ နာပိုလီ ၊ အေစီမီလန် ၊ အင်တာမီလန်နဲ့ ဘင်ဖီကာတို့ထဲက တသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိပြေီး ဘင်ဖီကာ ၊ အင်တာမီလန်နဲ့ အေစီမီလန်တို့ကလွဲရင် ကျန်တဲ့အသင်းတွေက ချယ်လ်ဆီးထက် ကစားပုံရော ၊ ခြေစွမ်းပိုင်းပါ ပိုကောင်းနေကြတဲ့ အသင်းတွေပါ။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ချယ်လ်ဆီးဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပေမယ့် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်အောင် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက – “ကျွန်တော်က အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးစားမယ်။ ပြီးရင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲကို စောင့်ကြည့်မယ်။ မဲခွဲပွဲ ပြီးတာနဲ့ ကျွန်တော်တို့က ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်အောင် ဦးတည် ကြိုးစားသွားပါမယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက စနေနေ့ည ၁၂နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန် အန္တရာယ် ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အဲဗာတန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။