ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဒေါ့မွန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အနိုင်ရကာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအတွက် ဒီညဟာ စပါယ်ရှယ်ည ဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာ ဦးဆောင်နေတဲ့ ချယ်လ်ဆီးက လတ်တလောမှာ ရလဒ်ပိုင်းတွေ ဆိုးဝါးနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့သလို ဒေါ့မွန်နဲ့ ပွဲမှာလည်း ကျစ်လျစ်တဲ့ ခံစစ်ကြောင်းကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁နဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ ဒေါ့မွန်တို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးဟာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲဆက် အနိုင်ရထားတဲ့ ဒေါ့မွန်ကို မနိုင်လောက်ဘူးလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားကြချိန်မှာတော့ အိမ်ရှင် ချယ်လ်ဆီးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဒေါ့မွန်ကို ခြေစွမ်းအသာ ၊ စိတ်ဓာတ်အသာနဲ့ ကစားနိုင်ခဲ့ကာ စတာလင်း ၊ ဟားဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဖိုးတန် နိုင်ပွဲတပွဲ ရခဲ့ပါတယ်။

ချယ်လ်ဆီး ၂-၀ ဒေါ့မွန် ပွဲစဉ်ဟာ နည်းပြထိုင်ခုံ လှုပ်ခတ်နေတဲ့ ဂရေဟမ် ပေါ်တာကို ရင်အေးသွားစေတဲ့ ပွဲတပွဲ ဖြစ်သလို ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ စည်းလုံးညီညွတ်မှု ၊ ၃ယောက်တန်း ခံစစ်ကို ပြန်လည် အသုံးပြုချိန်မှာ အသင်းရဲ့ ကစားပုံ တည်ငြိမ်သွားမှုတို့ကို မီးမောင်း ထိုးပြခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ပြိုင်ပွဲစုံ ၁၀ပွဲဆက် နိုင်ထားတဲ့ ဒေါ့မွန်ကို အနိုင်ရခဲ့တဲ့ညဟာ သူတို့အသင်း အတွက် စပါယ်ရှယ်ည ဖြစ်ကြောင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂရေဟမ် ပေါ်တာက – “ဒီညအတွက် တကယ်ကို ပျော်မိပါတယ်။ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်း အတွက်လည်း ကျေနပ်မိပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အရမ်းကို ကောင်းခဲ့ပါတယ်။ တကယ်ကို ကျေနပ်စရာ ညနေခင်းလေး တခုပါ။ ကစားသမားတွေနဲ့ ပရိသတ်တွေ အားလုံးက အရမ်းကို တော်ခဲ့ကြပါတယ်။ ကျွန်တော်တို့က ၁၀ပွဲဆက် အနိုင်ရထားတဲ့ အသင်းကောင်း တသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီညကတော့ ကျွန်တော်တို့ အတွက် စပါယ်ရှယ်ညပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။