လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် နည်းပြထိုင်ခုံ လှုပ်ခါနေတဲ့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက သူ့ရဲ့ ကစားသမားတွေက သူ့အပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ကြောင်း ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ လိဒ်ယူနိုက်တက် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက အတက်ထက် အကျပိုင်းကို ပိုရောက်သွားတာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါတယ်။

Photo Credit: Football London

ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ပြိုင်ပွဲစုံ စုစုပေါင်း ၂၆ပွဲ ကစားထားရာ ၉ပွဲသာ အနိုင်ရရှိခဲ့ပြီး ၇ပွဲ သရေကျကာ ၁၀ပွဲ အထိ ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာလည်း ဒေါ့မွန်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာကြောင့် နောက်တဆင့် တက်နိုင်ဖို့ ရုန်းကန်ရဦးမှာပါ။

ဒါကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ယနေ့ညမှာ ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲ ၊ လာမယ့် ကြားရက်မှာ ကစားရမယ့် ဒေါ့မွန်နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရအောင် လုပ်ဖို့ ရာဇသံ ပေးထားပြီး အကယ်၍ အဆိုပါ ၂ပွဲစလုံးမှာ ရလဒ်ကောင်းတွေ မရခဲ့ရင် ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးကနေ မထွက်ရရေး အတွက် နိုင်ပွဲ လိုအပ်နေချိန်မှာတော့ ဂရေဟမ် ပေါ်တာက အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းနဲ့ လူတိုင်းဟာ သူ့ကို အားပေး ထောက်ခံနေကြဆဲ ဖြစ်ကြောင်းနဲ့ သူက အသင်းအတွက် ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

ဂရေဟမ် ပေါ်တာက – “အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းနဲ့ လူတိုင်းက ကျွန်တော့်ကို အားပေး ထောက်ခံနေဆဲပဲလို့ ခံစားမိပါတယ်။ အပြင်လူတွေက (ပရိသတ်တွေကို ရည်စူးလျက်) ကျွန်တော်တို့တွေ ရလဒ်ဆိုးနေတဲ့ အပေါ် စိတ်ပျက်မှုတွေ ရှိနေတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ကြားထဲမှာတော့ ပိုကောင်းလာအောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဆန္ဒချင်း တူညီမှု ရှိပါတယ်။ ဒါက ကျေနပ်စရာ ကောင်းတဲ့ အချက်တခုပါ။ ကျွန်တော်တို့က တိုက်ပွဲဝင်သွားပါမယ်။ ပြီးတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း ပြောရပါမယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။