ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမယ့် ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို အနိုင်ယူကာ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီးနောက် သူတို့အသင်းဟာ ဒေါ့မွန်နဲ့ပွဲအတွက် အားရှိသွားပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် လိဒ်ယူနိုက်တက်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ တိုက်စစ်ပိုင်းက အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပေမယ့် ဖိုဖာနာ ပြန်လည် ပါဝင်လာတဲ့ ခံစစ်ကြောင်းဟာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သလို ဖိုဖာနာကလည်း အသင်းအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို ထောင့်ကန်ဘော ကနေ တဆင့် သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီး ၁-၀ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ ချယ်လ်ဆီး အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၅၃မိနစ်မှာ ဖိုဖာနာက သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး အဆိုပါနိုင်ပွဲကြောင့် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာအပေါ် ကျရောက်နေတဲ့ ဖိအားတွေက အတော်လေး လျော့နည်းသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကို လိဒ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ သူတို့အသင်းကို အတော်လေး အားတက်စေခဲ့တဲ့ နိုင်ပွဲ ဖြစ်ပြီး ဒီနိုင်ပွဲရဲ့ အရှိန်တွေကို လာမယ့် ကြားရက်မှာ ကစားရမယ့် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲ အထိ သယ်ဆောင်သွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

ဂရေဟမ် ပေါ်တာက – “ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ နိုင်ပွဲ ဖြစ်ခဲ့သလို ရလာတဲ့ ရမှတ် ၃မှတ်ကလည်း အဖိုးတန်ပါတယ်။ ပြီးတော့ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ပိုပြီး တိုးတက်လာစေပါတယ်။ ကောင်လေးတွေက ရလဒ်ဆိုးတွေကြောင့် အတော်လေး နာကျင်နေခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကလည်း ရလဒ်ဆိုးတွေ အတွက် စိတ်ပျက်ခဲ့ကြရပါတယ်။ အခုတော့ ကျွန်တော်တို့က နိုင်ပွဲ ပြန်ရခဲ့ပါပြီ။ ဒီနိုင်ပွဲက အင်္ဂါနေ့မှာ ကစားရမယ့် ပွဲကြီးပွဲကောင်း အတွက် ကျွန်တော်တို့ရဲ့ အားဖြည့်ဆေး တခု ဖြစ်လာမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။