ယမန်နေ့ မနက်အစောပိုင်းမှာပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခံခဲ့ရတဲ့ အင်္ဂလိပ်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာက လက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ချက်ချင်း ပယ်ချခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေသလို ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာ အထိ ရောက်ရှိခဲ့ရတာကြောင့် နည်းပြချုပ် ဘရန်ဒန် ရော်ဂျာကို ဧပြီလ ၂ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit: Team Talk

တဖက်မှာလည်း အသက် ၄၇နှစ် အရွယ် အင်္ဂလိပ်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ချယ်လ်ဆီးမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရအောင် မယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အပြီးမှာ ချယ်လ်ဆီးဟာ အဆင့်(၁၁)နေရာ အထိ ရောက်ရှိသွားတာကြောင့် ချယ်လ်ဆီးဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့ပေမယ့် သူ့ရဲ့ ဘရိုက်တန်နဲ့အတူ ရယူခဲ့တဲ့ အောင်မြင်မှုတွေကြောင့် လက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို ပေါ်တာရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေလည်း လုပ်ခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်စတာရဲ့ တာဝန်ရှိသူတွေက ယမန်နေ့ ညပိုင်းမှာပဲ ဂရေဟမ် ပေါ်တာထံ ဆက်သွယ်ကာ နည်းပြချုပ်ရာထူးနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပေါ်တာကတော့ ချယ်လ်ဆီးမှာ ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေကြောင့် ချက်ချင်းကြီး နည်းပြလောကထဲကို မဝင်ရောက်ချင်သေးပဲ မိသားစုနဲ့အတူ အနားယူဖို့သာ စိတ်ကူးရှိနေတာကြောင့် လက်စတာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

ပေါ်တာရဲ့ ငြင်းဆန်မှုကို ခံခဲ့ရတဲ့ လက်စတာက လက်ရှိမှာ လီဗာပူး ၊ အဲဗာတန် ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ရဲ့ နည်းပြဟောင်း ဘင်နီတက်ဇ်ကို ဆက်သွယ်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ ကြိုးစားနေကြောင်းလည်း သိရှိထားရပါတယ်။