ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)မှာ မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပေမယ့် အသင်းရဲ့ ကစားပုံအတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ ချယ်လ်ဆီးနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အမှားလို့ မဖြစ်တဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်က ဒီတပတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး ပွဲတပွဲ ဖြစ်ခဲ့သလို နှစ်သင်းစလုံးကလည်း ဒီပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပါတယ်။

Photo Credit: 90 Min

ဒီနေ့ပွဲမှာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက သူတို့အသင်းထက် ကွင်းလယ် ကစားအား သာတဲ့ မန်ချက်စတာ စီးတီးကို ယှဉ်ကစားဖို့ မကြိုးစားခဲ့ပဲ တန်ပြန်တိုက်စစ်တွေနဲ့သာ ဒုက္ခပေးဖို့ ပြင်ဆင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ နေရာယူ ကောင်းမွန်သလို တိုးအား ၊ ရုန်းအားလည်း ကောင်းတဲ့ ဟားဗက် ၊ စတာလင်း ၊ ပူလီဆစ်နဲ့ ဇီရက်ဇ်တို့ကို ထုတ်သုံးခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာကတော့ သူတို့အသင်းရဲ့ အားသာချက် ဖြစ်တဲ့ ကွင်းလယ်ပိုင်းကို အသုံးချကာ ချယ်လ်ဆီးကို ဖိကစားဖို့ ဆုံးဖြတ်ခဲ့ပြီး တခြားပွဲတွေမှာ ၄-၃-၃ ကစားကွက်ကိုသာ ပင်တိုင် သုံးစွဲခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဒီဘရိုင်း ၊ ဂန်ဒိုဂန် ၊ ဘာနာဒို ဆေးလ်ဗား ၊ ရိုဒရီ စတဲ့ ကွင်းလယ်လူ ၄ဦးကို ပွဲထွက် လူစာရင်းထဲ ထည့်ကာ ၃-၂-၄-၁ ဆိုတဲ့ ကစားကွက် အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။

Photo Credit: 90 Min

တန်ပြန်တိုက်စစ် အားကိုးတဲ့ အသင်းနဲ့ ကွင်းလယ်မှာ စိုးမိုးမှု ပိုလိုချင်တဲ့ အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့တာကြောင့် ပွဲစပွဲဆုံး ဧည့်သည် မန်ချက်စတာ စီးတီးကသာ အိမ်ရှင် ချယ်လ်ဆီးကို အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီး ချယ်လ်ဆီးကတော့ တန်ပြန်တိုက်စစ်တွေနဲ့ မန်ချက်စတာ စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် စတာလင်းနဲ့ ပူလီဆစ်တို့ ဒဏ်ရာရသွားတာကြောင့် စီစဉ်ထားသလို ဖြစ်မလာခဲ့ပဲ မာရက်ဇ်ရဲ့ ပွဲချိန် ၆၃မိနစ်မှာ သွင်းယူခဲ့တဲ့ တလုံးထဲသော သွင်းဂိုးကြောင့်ပဲ မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။

ချယ်လ်ဆီး ၀-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက သူဟာ ရှုံးပွဲအတွက် စိတ်ပျက်မိပေမယ့် ဒဏ်ရာရ ကစားသမားတွေ ရှိနေရက်နဲ့ မန်ချက်စတာ စီးတီးကို အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ ကစားပုံအတွက် ကျေနပ်မိကြောင်း ဆိုလာပါတယ်။ ပေါ်တာက – “ကျွန်တော်တို့က တပွဲလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင် ကစားသမားတွေက သူတို့မှာ ရှိတဲ့ အရာအားလုံးကို ပေးဆပ် ကစားခဲ့ကြတာကို မြင်တွေ့ရပါလိမ့်မယ်။ ရာဟမ်နဲ့ (စတာလင်း) ခရစ္စတီယန်တို့ (ပူလီဆစ်) အစောကြီး ဒဏ်ရာရသွားတာတောင် ကစားသမားတွေက အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။ ဒီပွဲက စိတ်ဓာတ်နဲ့ ကစားသွားခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့က ထိပ်တန်းအသင်း တသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရလဒ်ပိုင်းကို စိတ်ပျက်မိတာကလွဲရင် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ ကစားပုံအတွက် ဂုဏ်ယူရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။