ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကတော့ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာမှ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာကနေ သူတို့အသင်းဆီ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဟာ သူတို့အသင်းမှာ အောင်မြင်လိမ့်မယ်လို့ အာမခံသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစကမှ ရေးဗားပလိတ် ကနေ ဘင်ဖီကာထံ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: BBC

အန်ဇို ဖာနန်ဒက်ဇ်က ဘင်ဖီကာမှာ ၆လ ဝန်းကျင်သာ ကစားခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေဟာ ထိပ်တန်းအဆင့်မှာ ရှိကြောင်းကို အကြိမ်ကြိမ် သက်သေပြနိုင်ခဲ့ပြီး သူက ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်က ဗဟိုကွင်းလယ်လူ ဖြစ်တာကြောင့် သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှုနှုန်းက အထင်ကြီးစရာကောင်းပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၀သန်း ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးနဲ့ ၂၀၃၁ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

 

Photo Credit: BBC

အန်ဇို ဖာနန်ဒက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဥရောပ ဘောလုံးဇာတ်ခုံပေါ် ရောက်လာတာ ဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲရောက်မှသာ ထင်ပေါ်လာသူ ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ချယ်လ်ဆီးဟာ ဖာနန်ဒက်ဇ်ကို မတန်တဆ ဈေးပေးကာ ခေါ်ယူခဲ့တာလို့ ဝေဖန်နေကြကာ အန်ဇို ဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးမှာ ပြောင်းရွှေ့ကြေး ဖိအားကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ဆိုပြီး သုံးသပ်ထားသူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကတော့ ဖာနန်ဒက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ တယောက် ဖြစ်တာကြောင့် ဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးမှာ အောင်မြင်လိမ့်မယ်လို့ အာမခံသွားခဲ့ပါတယ်။ ဂရေဟမ် ပေါ်တာက – “ကျွန်တော်တို့က အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက်ကို ရခဲ့တာပါ။ သူက ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားရဲ့ ကွင်းလယ်မှာ ကစားခဲ့တဲ့ ကွင်းလယ်လူပါ။ သူက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်လိဂ်မှာမဆို ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ သူက သူ့ရဲ့ ခြေစွမ်းတွေကို ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးတွေမှာ ကောင်းကောင်းကြီး သက်သေပြထားပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ အကြောင်းကို သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မှန်ကန်တဲ့ ကစားသမား တယောက်ကို ခေါ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ သူက ဖိုက်တာ တယောက်ပါ။ သူက အသင်းအတွက် တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားတတ်သလို ပြိုင်ဘက်ကိုလည်း မကြောက်တတ်ပါဘူး။ သူက “ငါတို့ သူ ခြေစွမ်းမပြမှာကို စိုးရိမ်စရာ မလိုဘူး” လို့ ရဲရဲကြီး ပြောလို့ ရတဲ့ ကစားသမားမျိုးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။