ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အဲဗာတန်ကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပေမယ့် အဆိုပါပွဲမှာ အပေါင်းလက္ခဏာ ဆောင်ခဲ့တဲ့ အရာတွေ အများကြီး ရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၈) အဖြစ် အဲဗာတန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို တပွဲလုံး နီးပါး တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ၂-၂ ဆိုတဲ့ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီး ၂-၂ အဲဗာတန် ပွဲစဉ်မှာ ချယ်လ်ဆီးက ဂိုးပေါက် ကန်သွင်းခွင့် အကြိမ် ၂၀ အထိ ရခဲ့သလို ၂ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် အဲဗာတန်ရဲ့ တန်ပြန်တိုက်စစ်နဲ့ တည်ကန်ဘောတွေကို မကာကွယ်နိုင်ခဲ့တာကြောင့် နောက်ကျ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂျာအို ဖီးလစ်နဲ့ ကိုင် ဟားဗက်တို့က ပွဲချိန် ၅၂မိနစ်နဲ့ ၇၆မိနစ်တွေမှာ အသီးသီး သွင်းယူပေးခဲ့ကာ အဲဗာတန် အတွက် ချေပဂိုးတွေကိုတော့ ဒူကူရီနဲ့ ဆမ်စ်တို့က ပွဲချိန် ၆၉မိနစ်နဲ့ ၈၉မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဲဗာတန်နဲ့ သရေကျခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းချက်နဲ့ တိုက်ပွဲဝင်နေတဲ့ ချယ်လ်ဆီးအတွက် အတော်လေး စိတ်ပျက်စရာ ကောင်းတဲ့ ရလဒ်တခု ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကတော့ ချယ်လ်ဆီး ၂-၂ အဲဗာတန် ပွဲစဉ်မှာ သူတို့အသင်း အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေ အများကြီး ရှိခဲ့ကြောင်း ပြောကာ ကစားသမားတွေကို နှစ်သိမ့်သွားခဲ့ပါတယ်။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက – “ဒီပွဲရဲ့ ရလဒ်ပိုင်း အတွက် အရမ်း အရမ်းကို စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ခွင့်မပြုသင့်တဲ့ ပေးဂိုးတွေ ခွင့်ပြုခဲ့ရလို့ပါ။ ကျွန်တော်တို့က ဒီပွဲကို အနိုင်ရဖို့ မျှော်လင့်ခဲ့မိပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ကောင်းကောင်း မတားဆီးနိုင်ခဲ့ကြပါဘူး။ ရလဒ်ပိုင်းအရ ကြည့်ရင် ကျွန်တော်တို့က နောက်ကို ခြေတလှမ်း ပြန်ဆုတ်သွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းအရ ကြည့်ရင် ကျွန်တော်တို့က ရှေ့ကို တလှမ်း တိုးနိုင်ခဲ့ပါပြီ။ အမှတ်လျော့သွားလို့ အတော်လေး စိတ်ပျက်နေတာတော့ အမှန်ပါ။ ကျွန်တော်တို့က အဲဗာတန်ကိုလည်း လေးစားမှု ပေးဖို့ လိုအပ်ပါတယ်။ သူတို့က သူတို့ လုပ်သင့်တဲ့ အရာတွေကို အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။